Saturday, February 7, 2015

စစ်တက္ကသိုလ်အပတ်စဉ် (၇)၊ ဗိုလ်လောင်းနံပတ် (၂၆၄)၊ ကိုတင်ထူးစိန်ရဲ့  စာကို အပတ်စဉ် (၁၉) ကနေ ကာချုပ် မင်းအောင်လှိုင်ဆီကို ပေးပို့ ခဲ့တဲ့ စာ။

စစ်တက္ကသိုလ်အပတ်စဉ် (၇)၊ ဗိုလ်လောင်းနံပတ် (၂၆၄)၊ ကိုတင်ထူးစိန်ရဲ့  စာကို အပတ်စဉ် (၁၉) ကနေ ကာချုပ် မင်းအောင်လှိုင်ဆီကို ပေးပို့ ခဲ့တဲ့ စာဖြစ်ပါတယ်။

ဒီစာထဲမှာ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေထဲမှာ တပ်မတော်မှ ဦးဆောင်ရေးဆွဲခဲ့ရာတွင် အလွန်အကျူး မိမိကိုယ်ကိုယ် အကာအကွယ်ယူထားသော အချက်တွေ၊ မလိုအပ်ဘဲ တပ်မတော် ဦးဆောင်မှုအတင်း ယူထားသော အချက်တွေ၊ နိုင်ငံတကာ ဒီမိုကရေစီစံနှုန်းများကို လစ်လျှူ ပြုထားသော အချက်တွေကို ဝေဖန်ထားမှုတွေ ပါရှိပါတယ်။

နိုင်ငံတော်သမ္မတထက် ကာချုပ်က အာဏာရှိမှု၊ တပ်မတော်သား ကိုယ်စားလှယ် ၂၅% ယူထားမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝနီးပါး ပြင်ဆင်ခြင်း မပြုနိုင်အောင် ရေးဆွဲထားမှု၊ ဒီလို ရေးဆွဲထားမှုဟာ တပ်မတော်အပေါ် ပြည်သူလူထုအမြင် ဆိုးဝါးစေပြီး တပ်မတော်ရဲ့  ဂုဏ်သိက္ခာကို ကျဆင်းစေတာကိုလည်း ဖော်ပြထားပါတယ်။

ထို့ အပြင် ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းရာမှာ၊ မဲဆန္ဒနယ်များကို သတ်မှတ်ရာမှာ၊ မညီမျှမှုများ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှစ၍ အဖွဲ့ဝင်အများစုမှ တပ်မတော်သားဟောင်းများ ဖြစ်နေတာ၊ နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲကော်မရှင်က ကြီးကြပ်နိုင်ခြင်း ၊ ပယ်ဖျက်နိုင်ခြင်း စတဲ့ လွှတ်တော်ရဲ့  အာဏာတွေ ပေးအပ်ထားတာတွေကိုလည်း ဝေဖန်သုံးသပ်ဖော်ပြထားပါတယ်။

ယခုလိုမျိုး တိုင်းပြည်နဲ့  ပြည်သူ့ အကျိုးအတွက် ဦးထိပ်ထားပြီး မှန်မှန်ကန်ကန် ဝေဖန်သုံးသပ် ထောက်ပြပြောဆို ရေးသားအကြံပြုထားတဲ့အတွက် စစ်တက္ကသိုလ်မှ တပ်မတော်သားများကို လေးစားမိပါတယ်။

ကာချုပ် မင်းအောင်လှိုင်အနေနဲ့  ဒီအကြံပြုစာအပေါ်မှာ အလေးအနက်ထားပြီး စစ်တက္ကသိုလ် တပ်မတော်သားများရဲ့  အကြံပြုချက်ကို ပြန်လည်အကြောင်းကြားမလားဆိုတာရယ်၊ တိုင်းပြည်အတွက် အသက်သွေးကြောဖြစ်တဲ့ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို တစ်ဖက်စောင်းနင်း ရေးဆွဲထားခဲ့ရာကနေ တိုင်းပြည်နဲ့  ပြည်သူလူထုအကျိုးကို ဦးထိပ်ထားပြီး သမာသမတ်ရှိရှိ မှန်မှန်ကန်ကန်နဲ့  ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်မှာ ပြန်လည်ပြင်ဆင်ရေးဆွဲမလားဆိုတာရယ်ကတော့ စောင့်ကြည့်နေကြမှာ ဖြစ်ပါတယ်။

ဒီအကြံပြုစာအတွက် စစ်တက္ကသိုလ်အပတ်စဉ် (၇)၊ ဗိုလ်လောင်းနံပတ် (၂၆၄)၊ ကိုတင်ထူးစိန်နဲ့  စစ်တက္ကသိုလ် အပတ်စဉ် (၁၉) မှ တပ်မတော်သားများကို လေးစားမိပါကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။

(ဒီစာကို ပြန်လည်မျှဝေလာတဲ့ ကိုမိုးဇေညိမ်းကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်)။










No comments: