Friday, February 6, 2015

တပ်မတော်သားတွေ သေသေချာချာ စဉ်းစားကြည့်ပါ။ ဒါ ရင်ဘတ်ထဲက ပြောတဲ့ စကားပါ။

တပ်မတော်သားတွေ သေသေချာချာ စဉ်းစားကြည့်ပါ။ ဒါ ရင်ဘတ်ထဲက ပြောတဲ့ စကားပါ။

တပ်မတော်ကို အုပ်ချုပ်နေတဲ့ အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးတွေဟာ -

ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ ပြည်သူပြည်သားတွေကို လူသတ်လက်နက်တွေနဲ့  ပစ်ခတ်ခတ်ဖြတ်ခဲ့တယ်။

မေတ္တာသုတ်ရွတ်ဖတ် ချီတက်နေတဲ့ ရဟန်းသံဃာတွေကို ရိုက်ပုတ် သတ်ဖြတ်ခဲ့တယ်။

အေးချမ်းစွာ ဆန္ဒထုတ်ဖော်ကြတဲ့ ကျောင်းသူကျောင်းသားတွေကို အကြမ်းဘက်ဖြိုခွင်း သတ်ဖြတ်ခဲ့တယ်။

ဒီ ပြည်သူပြည်သားတွေရော၊ ရဟန်းသံဃာတွေရော၊ ကျောင်းသူကျောင်းသားတွေရော ထုတ်ဖော်ကြတဲ့ ဆန္ဒတွေဟာ တိုင်းပြည်အကျိုးကို ရှေ့ ရှုပြီး အမျိုးသားတစ်ရပ်လုံးကောင်းစားရေးအတွက် တောင်းဆိုနေကြတာပါ။ သူတို့ အားလုံးမှာ လက်နက်ဆိုလို့  အပ်တိုတစ်ချောင်းတောင် ပါကြတာ မဟုတ်ပါဖူး။ ဒါကို အကြမ်းဘက်ဆူပူသူဆိုပြီး လုပ်ကြံဖန်တီးကာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတာပါ။

ဒီလိုအကြမ်းဘက် သတ်ဖြတ်ခဲ့ကြတဲ့နေရာမှာ အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ အလိုကျ လက်သပ်မွေးထားတဲ့သူတွေကို စုစည်းပြီး အကြမ်းဘက်ဖြိုခွင်းဖို့  လိုရာကို ခိုင်းစေပါတယ်။ ဒီလူတွေထဲမှာ တပ်မတော်ထဲမှ စဉ်းစားသုံးသပ်နိုင်စွမ်းရည် မရှိဘဲ သူတို့ အမိန့် ကို သာ မျက်စိစုံမှိတ် နာခံမယ့်သူတွေကို မြှောက်စားပြီး ခိုင်းစေလို့ ရမယ့်သူတွေ၊ နိုင်ငံတစ်ဝှမ်းက ရာဇ၀တ်မှုတွေနဲ့  ဖမ်းဆီးအကျဉ်းချခံနေရသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ရောသွတ်သွင်းပြီး ပြင်ပလောကမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးထားတဲ့ ရမ်းကားမှုတွေမှာ ဦးဆောင်လုပ်ခိုင်းစေလို့ ရတဲ့ လူဆိုးသူခိုးတွေ၊ ရပ်ကွက်မြို့ ရွာအတွင်းမှာ ပေတေဆိုးသွမ်းနေကြသူတွေနဲ့  ကိုယ်ကျိုးအတ္တအတွက် ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ လူ့ အတ္တဘော အခွင့်အရေးသမားတွေကို ရဲတပ်ဖွဲ့ ဝင်တွေအဖြစ် စွမ်းအားရှင်တွေအဖြစ် လုံခြုံရေးအင်အားစုတွေအဖြစ် အုပ်ချုပ်ရေးမှူးတွေအဖြစ် ရာထူးအာဏာ လုပ်ပိုင်ခွင့်တွေပေးကာ ထင်ရာစိုင်း ရမ်းကားချင်သလောက် ရမ်းကားခွင့်ပေးရုံမက လိုင်စင်ရ မုဒိမ်းကျင့် လူသတ်တဲ့အထိ ဥပဒေအထက်က အခွင့်ထူးခံတွေအဖြစ် ပေါ်ပေါက်နေတာ အခုဆိုရင် ပြည်သူပြည်သားတွေဟာ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှု လုံးဝမရှိ၊ အသက်ကို ဖက်နဲ့  ထုပ်ပြီး နေနေရပါတယ်။

လက်နက်ကိုင် ရမ်းကားကြမယ့်၊ လူသတ်လက်နက်တွေနဲ့  အန္တရာယ်ပေးကြမယ့် အဆိုပါ အာဏာရှင် စစ်ဗိုလ်ချူပ်ကြီးတွေရဲ့  လက်ကိုင်တုတ် ရမ်းကားသူတွေရန်ကို တုန့် ပြန်နိုင်ဖို့ ဆိုတာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြသူတွေမှာ မလွယ်ကူနိုင်ပါဖူး။ ခေတ်အဆက်ဆက် ဒီလို အကြမ်းဖက်ဖြိုခွင်း နှိမ်နင်းမှုတွေကို တစ်ဖက်သတ် လုပ်ဆောင်ခဲ့ကြတဲ့ အာဏာရှင်နဲ့  လက်ပါးစေတွေကြောင့် အပြစ်မဲ့တဲ့ ပြည်သူလူထုတွေလည်း ဆုံးရှုံးခဲ့ကြရတာ မနည်းတော့ပါဖူး။

အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးများနဲ့  လက်သပ်မွေးထားသူ ရမ်းကားသူတွေရဲ့  အကြမ်းဘက်မှုတွေကြောင့် နာမည်ပျက်ရတာကတော့ တပ်မတော်နဲ့  ရဲတပ်ဖွဲ့ က ရှေ့ ဆုံးကပါဘဲ။ တပ်မတော်အတွင်းနဲ့  ရဲတပ်ဖွဲ့ အတွင်းမှာ အများစုဟာ တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် အသက်ပေးသည်အထိ ဦးထိပ်ထားဆောင်ရွက်လိုကြသူတွေ ရှိကြပေမယ့်၊ အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးတွေရဲ့  ဖန်တီးမှုနဲ့  ရမ်းကားသူ လက်ကိုင်တုတ် အကြမ်းဘက်သူတွေကြောင့် ပြည်သူလူထုရဲ့  ခါးသီးစွာ မုန်းတီးမှုကို အားလုံးရရှိကြနေရတာကတော့ အဓိကတရားခံက ဘယ်သူတွေလည်းဆိုတာ စဉ်းစားသိမြင်စေလိုပါတယ်။

ပြည်သူလူထုဟာ ယခုအချိန်အထိ တပ်မတော်သားတွေ ပြည်သူလူထုဘက် ရပ်တည်လာဖို့ ကို ကြီးမားစွာ မျှော်လင့်နေဆဲပါ။ ဒါပေမယ့်လည်း လက်ရှိအခြေအနေတွေ ဆိုးရွားနေသည့်တိုင်အောင် ပြည်သူလူထုဘက်က ရပ်တည်မယ့် တပ်မတော်သားတွေဆိုတာ ရှိမှ ရှိပါ့တော့်မလားလို့  မျှော်လင့်ချက်တွေ အားလျော့နေတယ်ဆိုတာလည်း တွေ့ မြင်နေရပါတယ်။

ယခုဆိုရင်လည်း အားလုံးသော ပြည်သူပြည်သားတွေရဲ့  ရင်သွေးကျောင်းသူကျောင်းသားတွေဟာ လက်ရှိခေတ်အတွက်တင်မက နောင်အနာဂတ်ရဲ့  ပညာရေးစနစ်အတွက်ပါ အရည်အသွေးပြည့်ဝတဲ့၊ နိုင်ငံတကာကို ရင်ဘောင်တန်းနိုင်တဲ့၊ ဘ၀တိုးတက်ရေးအာမခံရှိနိုင်တဲ့ ပညာရေးစနစ်မျိုး ရရှိနိုင်ဖို့ အတွက် အသက်ကို ပဓာနမထားဘဲ အားလုံးအတွက် ဆန္ဒဖော်ထုတ်တောင်းဆိုပေးနေကြတာပါ။

ဒီလို ကောင်းမွန်တဲ့ ပညာရေးစနစ် ရရှိစေဖို့ လောက်သာ တောင်းဆိုတာတောင်မှ ဆတ်ဆတ်ထိ မခံတဲ့၊ စေတနာစစ်မှန် ရိုးသားမှု မရှိတဲ့၊ ပြည်သူပြည်သားတွေ အကျိုးကို တကယ်မလိုလားတဲ့ အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးတွေဟာ ဇာတိရုပ်ပြ အစွယ်ထုတ်လာပြီး၊ သူတို့ ရဲ့  လက်ကိုင်တုတ် ရမ်းကားသူ လုံခြုံရေးအင်အားစုတွေနဲ့  အကြမ်းဘက်ဖြုခွင်းဖို့ အတွက် ပြင်ဆင်နေကြပြန်ပါပြီ။

အထူးသဖြင့် နုနယ်ငယ်ရွယ်ပြီး အများအကျိုးအတွက် အရွယ်နဲ့  မမျှအောင် ပြည်သူလူထုရှေ့ က မားမားမတ်မတ် ထွက်ရပ်ပြီး ငြိမ်းချမ်းသော လမ်းလျှောက်ချီတက် ဆန္ဒဖော်ထုတ်ပြနေကြတဲ့သူတွေအပေါ် လက်နက်နဲ့  မတရား အကြမ်းဘက် ဖြိုခွင်းဖို့  လမ်းစပျိုးနေတာမို့  အသက်အန္တရာယ် ရှိနိုင်ကြပါတယ်။

တပ်မတော်သားတွေထဲမှာ မိဘဖြစ်နေသူတွေ ရှိကြမှာပါ၊ သားသမီးတွေ ရှိကြမှာပါ၊ ကျောင်းပညာသင်ကြားနေသူတွေ ရှိကြမှာပါ။ ကောင်းမွန်တဲ့ ပညာရေးစနစ် ရရှိရင် တပ်မတော်သားတွေရဲ့  သားသမီးတွေအပါအ၀င် ပြည်သူ့ ရင်သွေးတွေအားလုံး ဘ၀အကျိုးရှိမှာပါ။

တပ်မတော်သားတွေကို အနူးအညွတ် မေတ္တာရပ်ခံလိုပါတယ်။ အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးများနဲ့  လက်ပါးစေ အကြမ်းဘက် ရမ်းကားသူတွေရဲ့  ရန်ကနေ ပြည်သူု့ ရင်သွေး နုနယ်ငယ်ရွယ်တဲ့  ကျောင်းသူကျောင်းသားတွေကို အသက်အန္တရာယ် မကျရောက်စေဖို့  အကာအကွယ်ပေးကြပါလို့ ။ ဒီလူရမ်းကား အကြမ်းဘက်နေကြတဲ့ အာဏာရှင်ရဲ့  လက်ကိုင်တုတ် အကြမ်းဘက်သူတွေကြောင့် နာမည်ပျက်နေရတဲ့ တပ်မတော်ရဲ့  ဂုဏ်သိက္ခာကိုလည်း ပြန်လည်ဆယ်တင်ပေးဖို့  အရေးကြီးပါတယ်။ တပ်မတော်အင်အားကြီးမှ တိုင်းပြည်အင်အားကြီးမား မဟုတ်ပါဖူး။ တပ်မတော်ဂုဏ်သိက္ခာရှိမှ တိုင်းပြည်ဟာ နိုင်ငံတကာအလည်မှာ ဂုဏ်သိက္ခာရှိမှာပါ။

ယခု ဒီမိုကရေစီပညာရေးရရှိဖို့ အတွက်၊ နိုင်ငံတကာအဆင့်မီပညာအရည်အသွေး ပြည့်ဝဖို့ အတွက် တောင်းဆိုပေးနေကြတဲ့ အားလုံးရဲ့  ရင်သွေးငယ်တွေဟာ ရိုးသားစွာနဲ့  ဆောင်ရွက်ပေးနေကြတာပါ။ ဒီကျောင်းသူကျောင်းသားငယ်တွေအပေါ် ကျရောက်မယ့် အကြမ်းဘက်မှုတွေကို ကာကွယ်ပေးနိုင်မှာ ပြည်သူလူထုအကျိုး သယ်ပိုးမယ့် တပ်မတော်သားတွေပါ။

ဒီအတွက် ထပ်မံပြီး အနူးအညွတ် မေတ္တာရပ်ခံလိုတာက အကြမ်းဘက်ဖြိုခွဲကြမယ့် အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးများနဲ့  လက်ပါးစေ ရမ်းကားသူများရန်ကနေ ကျောင်းသူကျောင်းသားတွေကို အချိန်မီ အလျင်အမြန် ကာကွယ်စောင့်ရှောက်ပေးကြပါလို့  မေတ္တာရပ်ခံပါတယ်။

ကျွန်တော်တို့ အားလုံး တပ်မတော်သားတွေကို ပြည်သူချစ် ပြည်သူ့ တပ်မတော်သားတွေအဖြစ် အားကိုးပါရစေ၊ လေးစားပါရစေဗျာ။

No comments: