Saturday, February 21, 2015

“ကြက်ခြေနီရယ်၊ အာဏာရှင်အုပ်စုရယ်”

ကြက်ခြေနီအကြောင်း ဂဃနဏ မသိဘဲ အာဏာရှင်အလိုကျ လိုက်ပြီး ရမ်းသမ်းအော်ဟစ်နေကြတဲ့သူတွေ သိစေဖို့  ယခင်ရေးသားဖော်ပြဖူးခဲ့တဲ့ ကြက်ခြေနီနဲ့  အာဏာရှင်တွေအကြောင်း ပြန်လည်ဖော်ပြလိုက်ရပါတယ်။

“ကြက်ခြေနီရယ်၊ အာဏာရှင်အုပ်စုရယ်”

အာဏာရှင်နေ၀င်းရဲ့  မဆလခေတ်မှာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဟာ အုပ်ချူပ်မှုအပိုင်းနဲ့  တပ်ဖွဲ့ အပိုင်းဆိုပြီး ဖွဲ့ စည်းထားမှု ရှိခဲ့ပါတယ်။ ဗဟိုအဆင့်ရယ်၊ တိုင်း ပြည်နယ်အဆင့်ရယ် မြို့  နယ်အဆင့်ရယ်ဆိုပြီး အဆင့်ဆင့်ဖွဲ့ စည်းထားခဲ့ပါတယ်။ အခြေခံဖြစ်တဲ့ မြို့ နယ်အဆင့်မှာ အုပ်ချူပ်မှုအပိုင်းမှာ ဥက္ကဌ အတွင်းရေးမှူးစသဖြင့် ဖွဲ့ စည်းထားသလို တပ်ဖွဲ့ ပုံသဏ္ဍန်နဲ့  တပ်ခွဲ တပ်စု တပ်စိတ်ဆိုပြီးအဆင့်ဆင့် ဖွဲ့ စည်းထားခဲ့ပါတယ်။ မြို့ နယ်ကြက်ခြေနီဖွဲ့ စည်းမှုကို တပ်ဖွဲ့  ပုံစံနဲ့  တပ်ခွဲမှူး၊ တပ်စုမှူး တပ်စိတ်မှူး တပ်ကြပ်ကြီး ဒုတပ်ကြပ် အစရှိသဖြင့် ဖွဲ့ စည်းမှုတွေ သတ်မှတ်ထားခဲ့ပါတယ်။ ဒီနေရာမှာ မြို့ နယ်ကြက်ခြေနီအသင်းဖွဲ့ စည်းမှုကို စစ်တပ်ပုံစံနဲ့ ဖွဲ့  စည်းခဲ့ပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့  ဗဟိုအဆင့်၊ တိုင်း ပြည်နယ်အဆင့် မြို့ နယ်အဆင့်တွေမှာ အာဏာရှင်အုပ်စုဟာ သူတို့ အလိုကျ လူပုဂ္ဂိုလ်တွေကို ခန့် ထားခဲ့ကြပါတယ်။ အထူးသဖြင့် စစ်တပ်က ယူနီဖောင်းချွတ်တွေရော လက်ရှိတာဝန်ယူနေသူတွေကိုရောပါ ကြက်ခြေနီအသင်းရဲ့  အဓိကအုပ်ချူပ်မှုနေရာတွေမှာ ခန့် အပ်ထဲ့ပါတယ်။ မဆလပါတီရဲ့  ကေဒါတွေ အဖားကောင်းတဲ့သူတွေကို ဥက္ကဌနေရာတွေ အတွင်းရေးမှူးနေရာတွေ ပေးအပ်ခဲ့ပါတယ်။ ထို အတူ ကြက်ခြေနီအသင်း မြို့ နယ်အဆင့်ကို တပ်ဖွဲ့ ပုံစံနဲ့  ဖွဲ့ စည်းပြီး တပ်ခွဲမှူးလို နေရာတွေမှာ စစ်တပ်က လက်ရှိတာဝန်ယူနေဆဲဖြစ်တဲ့ တပ်ကြပ်ကြီးအဆင့်တွေကို မြို့ နယ်ကြက်ခြေနီ တပ်ခွဲမှူးတွေအဖြစ် ခန့် အပ်ထားခဲ့တာတွေ ရှိခဲ့ပါတယ်။ အခြားနိုင်ငံတွေရဲ့  ကြက်ခြေနီအသင်း ဖွဲ့ စည်းမှုနဲ့  မတူညီတဲ့ ပုံစံနဲ့  ဒီလို ဖွဲ့ စည်းမှုတွေဟာ အာဏာရှင်အုပ်စုရဲ့  ရည်ရွယ်ချက်ရှိရှိ ၄င်းတို့ ရဲ့  ၀ါဒဖြန့် ချီရေးလုပ်ငန်းတွေမှာ အသုံးချလို့ ရအောင် လုပ်ဆောင်ခဲ့တာဘဲ ဖြစ်ပါတယ်။

အာဏာရှင် နေ၀င်းရဲ့  မဆလခေတ်က စပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတိုင်အောင် အာဏာရှင်အုပ်စုဟာ ၄င်းတို့ အကျိုးစီပွားအတွက် တစ်ဘက်လှည့်နဲ့  မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖွဲ့ ဝင်တွေကို လိုရာခိုင်းစေ ဆောင်ရွက်စေခဲ့ကြပါတယ်။ နာဂစ်မုန်တိုင်းတိုက်ခတ်မှုမှာ တိုင်းသူပြည်သားတွေ အသက်ပေါင်းမြောက်မြားစွာဆုံးရှုံးခဲ့ရတဲ့ အဓိကတရားခံဖြစ်တဲ့ အုပ်ချူပ်သူတွေရဲ့  လစ်လျူရှူမှုနဲ့  တာဝန်မဲ့ခဲ့မှုကို အဖတ်ဆယ်ဖို့ နဲ့  နိုင်ငံတကာက အကူအညီတွေကို အစပိုင်းမှာ ငြင်းပယ်ခဲ့ပေမယ့် ကူညီမှုတွေအပေါ်မှာ အမြတ်ထုတ် ကိုယ်ကျိုးရှာဖို့  သိမြင်လာတဲ့အချိန်မှာ နိုင်ငံတကာအကူအညီတွေကို အားရ၀မ်းသာနဲ့  ကြိုဆိုဆောင်ရွက်ပြတဲ့ နေရာမှာ မြန်မာနိုင်ငံကြက်ခြေနီအသင်းကို ဗန်းပြခိုင်းစေဆောင်ရွက်ပြခဲ့ပါတယ်။

အာဏာရှင်အုပ်စုရဲ့  ဆုပ်ကိုင်ချယ်လှယ်မှုကို ခံနေရပေမယ့် တစ်ဘက်မှာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဝင်တွေရဲ့ အထင်ကရတွေကို ဖေါ်ပြရရင် ရှေးဦးသူနာပြုပညာရပ်ဖြစ်တဲ့ အခြေခံ မွမ်းမံအစရှိတဲ့အဆင့်တွေမှာ ကျွမ်းကျင်မှု၊ စီမံခန့် ခွဲမှုနဲ့  အဖွဲ့ အစည်းအတွင်း ထူးချွန်သူတွေကို စံပြအဖြစ်ရွေးချယ်ပြီး ဂုဏ်ပြုတဲ့ စံပြကြက်ခြေနီအဖြစ်ရွေးချယ်မှုတွေ၊ မေလ (၈) ရက်နေ့  ကမ္ဘာ့ကြက်ခြေနီနေ့  အထိမ်းအမှတ် တစ်နိုင်ငံလုံးမှ မြို့ နယ်အဆင့် ကြက်ခြေနီအသင်းဝင်တွေရဲ့  ရှေးဦးသူနာပြုစွမ်းရည်ပြိုင်ပွဲတွေနဲ့  စစ်ရေးပြစွမ်းရည်ပြိုင်ပွဲတွေကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒီ့အပြင် မြန်မာကြက်ခြေနီအသင်းဝင်တွေရဲ့  ပြည်သူအကျိုးပြု အနစ်နာခံ အပင်ပန်းခံဆောင်ရွက်မှုတွေဖြစ်တဲ့ မီးဘေး လေဘေး ရေဘေးတွေမှာ အားသွန်ခွန်စိုက် ဆောင်ရွက်မှုတွေဟာ လေးစားချီးကျူး အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ အာဏာရှင်နေ၀င်းရဲ့  မဆလခေတ်ကာလ သဘောင်္နစ်မြုပ်မှုတွေဖြစ်တဲ့ ၁၉၇၃ ခုနှစ်၊ ဖေဖော်ဝါရီ (၂၁) ရက်နေ့ ၊ ညနေ (၃) နာရီ(၅၅) မိနစ်ခန့် မှာ ဖြစ်ပွားခဲ့တဲ့ ရန်ကုန်-ဒလကူး တိုးအေးသဘောင်္နစ်မြုပ်မှုမှာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဝင်တွေရဲ့  ကူညီမှုတွေဟာ တစ်ချိန်တုန်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းဝင်တွေအတွက် ဂုဏ်ပြောင်မြောက်စေခဲ့တာတွေ ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းထဲ ဘယ်သူတွေ ဘာကြောင့် ပါဝင်ခဲ့ကြသလည်း။ ဒီမေးခွန်းကို ဖြေရရင် - အများစုက ပရဟိတဆိုတဲ့ အများအကျိုး ကူညီဆောင်ရွက်ရေး လူမှုရေးလုပ်ငန်းနဲ့  ရှေးဦးသူနာပြုဆိုတဲ့ ကျန်းးမာရေးအလုပ်တွေကို လုပ်ဆောင်ချင်တဲ့ စေတနာနဲ့  ၀ါသနာကြောင့်လို့  ဆိုရပါလိမ့်မယ်။

အများအားဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းကို ရိုးသားဖြူစင်ကြတဲ့ လူငယ်လူရွယ်တွေ ဖြစ်ကြတဲ့ အလယ်တန်းကျောင်း အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူလေးများဟာ လူငယ်တို့  သဘာဝ အများအကျိုးဆောင်ရွက်လိုစိတ်နဲ့  တက်ကြွစွာနဲ့  ပါဝင်ခဲ့ကြပါတယ်။

သို့ သော်လည်း အာဏာရှင်အုပ်စုကတော့ ရိုးသားဖြူစင်ကြတဲ့ လူငယ်လူရွယ်တွေကို ၀ါဒမှိုင်းတိုက်မယ်၊ တက်ကြွစွာနဲ့  အားမာန်ပြည့်ဝကြတဲ့ လူငယ်လူရွယ်တွေရဲ့ စွမ်းရည်တွေကို ခိုင်းစေအသုံးချမယ်၊ ရပ်ကွက်မြို့ နယ် သန့် ရှင်းရေး လုပ်အားပေးပွဲတွေကိုသာမက အာဏာရှင်တို့  အာဏာတည်မြဲရေးလုပ်ငန်းတွေအတွက် လိုရာခိုင်းစေတာတွေ လုပ်ကြပါတယ်။

မည်သို့ ပင် အာဏာရှင်အုပ်စုက မြန်မာနိုင်ငံ ကြက်ခြေနီသမိုင်းကို ညှိုးနွမ်းအောင် လုပ်စေကာမူ မြန်မာနိုင်ငံသမိုင်း ကမ္ဘာ့သမိုင်းမှာ လေးစားဂုဏ်ပြုခံရသူတွေထဲမှာ မြန်မာပြည်သား မြန်မာနိုင်ငံကြက်ခြေနီအသင်းဝင် ကိုစိုင်းအောင်လှိုင်မြင့်ရဲ့  ဆောင်ရွက်မှုဟာ တိုင်းပြည်အတွက် သမိုင်းဂုဏ်ရောက်တောက်ပြောင်ဆဲ ဖြစ်ပါတယ်။

အသက် (၂၁) နှစ်အရွယ်သာရှိသေးခဲ့တဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဝင် ကိုစိုင်းအောင်လှိုင်မြင့်ဟာ ၁၉၇၇ ခုနှစ်၊ ဇန်န၀ါရီလမှာ ကမ္ဘာက အသိအမှတ်ပြုရလောက်တဲ့ အသက်စွန့် ဆောင်ရွက်မှုကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ပါတယ်။ ဧရာဝင်္တီမြစ်အတွင်းမှာ ထိုးကျသွားခဲ့တဲ့ စစ်တပ်လော်ရီကားရဲ့  ကားမောင်းသမားအသက်ကို စွန့် စွန့် စားစား ကယ်တင်ခဲ့မှု ဖြစ်ပါတယ်။ ကချင်ပြည်နယ်ဒေသဘက် ဧရာဝတီမြစ်ရေရဲ့  အေးစက်မှု ကိုယ်တိုင် ငှက်ဖျားရောဂါခံစားနေရမှုတွေရယ်ကို ဦးစားမပေးဘဲ လူ့ အသက်တစ်ချောင်းကယ်တင်ဖို့ အတွက် အဓိကထားပြင်းပြတဲ့ ကိုစိုင်းအောင်လှိုင်မြင့်ရဲ့  လူသားပီသလွန်းတဲ့ စိတ်ဓါတ်နဲ့  အနက် (၁၈) ပေထိ နစ်မြုပ်သွားတဲ့သူကို ကြိုးစားကယ်တင်ခဲ့ပါတယ်။ မေ့မြောနေပြီဖြစ်တဲ့ ရေနစ်သူကို မရရအောင် ဆွဲခေါ်တင်ပြီး ကုန်းပေါ်ရောက်တဲ့အထိ ဆယ်တင်လာရုံမက ရှေးဦးသူနာပြုစုနည်းနဲ့  အသက်ကို ကယ်တင်ခဲ့လို့  အသက်တစ်ချောင်းကယ်တင်ရခဲ့ပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းအတွက်သာမက မြန်မာနိုင်ငံ ဂုဏ်ပြောင်မြောက်စေခဲ့တဲ့ မြန်မာ့ကြက်ခြေနီ ကိုစိုင်းအောင်လှိုင်မြင့်ကို နိုင်ငံတကာပြည်သူတွေက အသိအမှတ်ပြုလေးစားလွန်းလို့  မေလ (၈) ရက်နေ့  ကမ္ဘာ့ကြက်ခြေနီနေ့  အထိမ်းအမှတ်မှာ အမြင့်ဆုံးဆုဖြစ်တဲ့ ဟင်နရီဒူးနန့် ဆုကို ပေးအပ်ချီးမြှောက်ဂုဏ်ပြုခဲ့ကြပါတယ်။

ကိုစိုင်းအောင်လှိုင်မြင့်လို အသက်ကို မိမိအသက်ကို ပဓာနမထားဘဲ အများပြည်သူအကျိုးအတွက် သက်စွန့် ကျိုးပမ်းခဲ့ကြသူတွေကို ထိုက်ထိုက်တန်တန် မှန်မှန်ကန်ကန် ဂုဏ်ပြုသင့်ကြပါတယ်။

လက်ရှိဖြစ်နေတာတွေကတော့ ရင်ဘတ်တွေပေါ်မှာ ဘာမှန်းမသိတဲ့ ဘယ်တုန်းက ဘာလုပ်ခဲ့မှန်းမသိတဲ့ ဆုတံဆိပ် ဗလပွတွေကို ချိတ်ပြနေတာတွေဟာ တိုင်းသူပြည်သားတွေအတွက် လုပ်ခဲ့လို့ လား ကိုယ်ကျိုးအတွက်လုပ်ခဲ့လို့ လား ဖြေခိုင်းကြည့်ရင်တော့ ဖြေနိုင်ကြမယ်လို့ မထင်မိပါဖူး။ အများပြည်သူအတွက် ဘာမျှ မမျှော်မှန်း မရည်ရွယ်ဘဲ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသူတွေရဲ့ လေးစားဂုဏ်ယူဖွယ် ဆောင်ရွက်ချက်တွေကြောင့် ကမ္ဘာ့မိသားစုကရော မြန်မာပြည်သူပြည်သားတွေကရော အသိအမှတ်ပြုမှုခံရသူတွေနဲ့ တော့ ဂုဏ်သိက္ခာအရ ဘယ်လိုမှ နှိုင်းယှဉ်မရပါဖူး။

မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖွဲ့ ရဲ့  မူလ မွန်မြတ်တဲ့ ဂုဏ်အင်္ဂါတွေ ရည်မှန်းချက်တွေ အများအကျိုးဆောင်ရွက်တဲ့ ပရဟိတစိတ်ဓါတ်တွေကို ချိုးဖဲ့ဖျက်ဆီးပစ်လိုက်တာကတော့ အာဏာရှင်တွေဘဲ ဖြစ်ပါတယ်။

ကမ္ဘာကပါ လေးစားဂုဏ်ပြုခဲ့ရတဲ့ မြန်မာ့ကြက်ခြေနီ ကိုစိုင်းအောင်လှိုင်မြင့်ကို မေလ (၈) ရက်နေ့ မှာ ကျရောက်မယ့် ကမ္ဘာ့ကြက်ခြေနီနေ့ မှာ ပြန်လည်ထပ်မံဂုဏ်ပြုရင်းနဲ့  မြန်မာနိုင်ငံကြက်ခြေနီအသင်း အသင်းဝင်များရဲ့  ပရဟိတ အများအကျိုးပြု ဆောင်ရွက်ချက်များကို လေးစားဂုဏ်ပြုလိုက်ရပါတယ်။

ထို့ အတူ ပြောကြားလိုတဲ့ ရင်တွင်းဆန္ဒတစ်ခုကတော့ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ ဝင်တိုင်းအနေနဲ့  မိမိတို့ ရဲ့  စေတနာ ၀ါသနာ အနစ်နာ ဦးထိပ်ထားပြီး အများအကျိုး ရှေ့ ရှုဆောင်ရွက်လိုကြတဲ့ ပရဟိတစိတ်ဓါတ်ပြည့်ဝမှု ရှေးဦးသူနာပြုကျွမ်းကျင်မှုများနဲ့  ပြည်သူ့ အကျိုးပြုနိုင်ကြပါစေ အတ္တကိုယ်ကျိုးအတွက် လွဲမှားစွာ ဆောင်ရွက်စေခိုင်းခံရမှုတွေမှ ရှောင်ရှားနိုင်ကြပါစေလို့  ဆန္ဒပြုလိုက်ရပါတယ်။

နစ်နေမန်း။

No comments: