Sunday, May 31, 2009
Saturday, May 30, 2009
ယနေ့ နေ့ လည်က ပြိုကျပျက်စီးခဲ့သော ဓနုတ်စေတီတော်ကြီး အကြောင်း။
ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ဓနုတ် ဆုတောင်းပြည့် စေတီတော်ကြီးဟာ ရန်ကုန်တိုင်း၊ ဒလ မြို့နယ်မှာ တည်ရှိတာ ဖြစ်ပါတယ်။ ဓနုတ် စေတီတော်ကြီးက(၂၇၊၆၊၂ဝဝ၆) ရက်၊ မနက် (ဝ၃း၁၅) နာရီမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့ သဘာဝ ရာသီဥတု ဒဏ်ကြောင့် တနင်္လာထောင့်မှ စပြီး ထီးတော်၊ ငှက်ပျော်ဖူးနဲ့ တကွ စေတီတော်ကြီးဟာ ထက်ခြမ်းကွဲပြီး ပြိုကျ မြေခ ခဲ့ရပါတယ်။
သီတင်းကျွတ် လပြည့်နေ့ (၁၄၊၁ဝ၊၂ဝဝ၈) ရက်က စတင်ပြီး မူလ စေတီ ဘုရား ငုတ်တိုကို ငုံကာ (၉)လနဲ့ အပြီးသတ် ပြန်လည် တည်ဆောက်တာ ဖြစ်ပါတယ်။
ဓနုတ် စေတီတော်ကို သာသနာ သက္ကရာဇ် (၂၄ဝ) ပြည့်နှစ်မှာ ဂေါတမ မြတ်စွာဘုရားရဲ့ ဆံတော် (၂)ဆူ ဓာတ်တော် (၂၄)ဆူတို့ကို ဌာပနာထားကာ သထုံမင်း စူဋ္ဌသီရိမာသောကရဲ့ အထောက်အပံ့နဲ့ ရဟန်းတော် အရှင်ဇာတကလေးသည် ရွာမှာ တိုက်စေတီ တည်တာကြောင့် ဒုနဂ္ဂဟစေတီလို့ ဘွဲ့တော် ပေးခဲ့ဖြစ်ပါတယ်။
နောင်အခါ တိုက်စေတီမှ သင်တိုင်းစေတီပုံ ပြင်ဆင်ခဲ့ပြီး ဓနုတ်စေတီလို့ ဘွဲ့တော် အမည် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ဓနုတ် စေတီတော်ကို မင်းအဆက်ဆက် ပြုပြင်မှုမှာ ကောဇာသက္ကရာဇ် (၇၁၅) ခုနှစ်မှာ ဟံသာဝတီ ဘုရင် ဗညားဦးနဲ့ မိဖုရားတို့က ပြန်လည် ပြုပြင်ကာ ထီးတော် တင်လှူခဲ့ပါတယ်။
သက္ကရာဇ် (၇၅၆)ခုနှစ်မှာ သုတသောမရာဇာဓရာဇ် ဘုရင်ရဲ့အမိန့်တော်အရ ဓနုတ်ကင်း သူကြီး 'ထဗ' ရွှေဘုရား၊ ငွေဘုရား (၄၅)ဆူစီ ဌာပနာထားပြီး အမြင့် (၄၅)တောင်ခန့် စေတီ တည်ထားကာ ထီးတော် တင်လှူခဲ့ပါတယ်။
သက္ကရာဇ် (၉၂၆) ခုနှစ်မှာတော့ ဘုရင့်နောင် မင်းတရားကြီးက အမြင့် အတောင် (၉ဝ)ရှိ စေတီတော် ထပ်မံ တည်ကာ ကြေးထီးတော် တင်လှူပြီး စေတီတော် လုံးတော်ပြည့် ရွှေချခြင်းများ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ဓနုတ် စေတီတော်မြတ်ကြီးကို ဥာဏ်တော် (၁၈၆)ပေ၊ ငှက်ပျောဖူး (၂၃) ပေ၊ ထီးတော်အဝ (၉)လက်မ၊ ထီးတော်အမြင့် (၃၂)ပေ၊ လုံးပတ်တော် (၁၇၄)ပေ (၈)လက်မ၊ ဖိနပ်တော် (၄၉ဝ)ပေ (၄) လက်မ ထားရှိကာ မူလပုံစံအတိုင်း ခိုင်ခန့်သပ္ပာယ်စွာ တည်ထားမှာ ဖြစ်ပြီး စုစုပေါင်း ကုန်ကျငွေမှာ ငွေကျပ် သိန်းပေါင်း (၁၃ဝဝဝ) ကုန်မယ်လို့ သိရပါတယ်။
ဓနုတ် စေတီတော်ကြီးဟာ အခုတစ်ကြိမ် ပြိုကျတာဟာဖြင့် (၄)ကြိမ်မြောက်လည်း ဖြစ်ပါတယ်။ တစ်ခါပြိုကျလိုက် တစ်ခါပြန်ပြင်လိုက်နဲ့ ဥာဏ်တော် နိမ့်နိမ့်ကနေ အမြင့်ကြီး ဖြစ်လာတာ ဖြစ်ပါတယ်။
အခုပြန်တည်မယ့် အမြင့်ဟာဆိုရင် တွံတေး ရွှေဆံတော်မြတ်နဲ့ မတိမ်းမယိမ်း ဖြစ်နေပြီ ဖြစ်ပါတယ်။ စေတီတော်ကြီး ပြန်လည် တည်ထားမှုကို ရွှေသံလွင် ကုမ္မဏီက ဦးဆောင်ပြုလုပ်တယ်လို့လည်း သိရပါတယ်။ ပြန်လည် တည်ထားမယ့် ပုံစံတော်မှာ မူလဒီဇိုင်းအတိုင်း ဆူးလေစေတီတော် ပုံစံကဲ့သို့ ရှစ်ထောင့်ဒီဇိုင်း ဖြစ်တယ်လို့ သိရပါတယ်။
ယခု ဒီနေ့ နေ့ လည် (၃း၀၀) နာရီဝန်းကျင်လောက်က ပြိုကျသွားမှုကြောင့် ဘုရားဖူးလာသူ (၃၀) ကျော်မျှ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရပါတယ်။
(ဓနုတ်စေတီတော်ကြီး၏ သမိုင်းကြောင်းအား လျှပ်တစ်ပြက် သတင်းဂျာနယ်မှ ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါတယ်)။
ရန်ကုန်မြို့  ဒလမြို့ နယ်ရှိ ဓနုတ်ဘုရား ပြိုကျ။ လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရကြ။
ဒီနေ့ နေ့လည် (၃း၀၀) နာရီဝန်းကျင်လောက်က ဒလ မြို့နယ်မှာ ဓနုတ်ဘုရား ပြိုကျသွားမှုကြောင့် ဘုရားဖူးလာသူ (၃၀) ကျော်မျှ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရပါတယ်။
ဘုရားပတ်ဝန်းကျင်မှ လူများက ထိခိုက်ဒဏ်ရာရသူများအား ဆေးရုံသို့ပို့ဆောင်ရန် နအဖသက်ဆိုင်ရာများအား အကြောင်းကြားသော်လည်း အချိန်မှီရောက်မလာကြသောကြောင့် မိမိတို့ဘာသာ ပဲ့တောင်များဖြင့် ရန်ကုန်သို့  ပို့ဆောင်မူအား ညနေ လေးနာရီမှ စတင်လုပ်ဆောင်ကြရပါတယ်။ နအဖသက်ဆိုင်ရာများမှာ ညနေ ခြောက်နာရီမှသာ ဒလဆိပ်ကမ်းသို့ရောက်ရှိလာပါတယ်။
ပထမအဆင့်ပြိုကျတဲ့အချိန်မှာ သွားရောက်ကယ်ဆယ်တဲ့ ရဲများ အပါအ၀င် ကယ်ဆယ်ရေးလုပ်သားများပါ ဒုတိယအကြိမ် ပြိုကျမှုကြောင့် တော်တော်များများ ထိခိုက်ကုန်တယ်လို့  သိရပါတယ်။
လောလောဆယ်ဆယ် မှာ ဆေးရုံကြီး အရေးပေါ်ဌာနမှာ အကုန်ပြင်ဆင်ထားပါတယ်။ လူနာများတော့ ရောက်မလာသေးပါ။ အသေအပျောက်မသိရသေးပါ။ စောင့်ဆိုင်းနေတဲ့ တာဝန်ကျ များလည်း အများကြီးရှိနေကြောင်း သိရှိရပါတယ်။
ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနဘက်မှာ လူများ တိုးကြိတ်နေသလို အရေးပေါ်ကားများလည်း တစ်စီးပြီး တစ်စီး ရောက်ရှိကြောင်း သိရှိရပါတယ်။
အဆိုပါ ဓနုတ်ဘုရားကြီးကို လွန်ခဲ့သော (၈) ရက်နေ့ က သန်းရွှေမိန်းမ ဒေါ်ကြိုင်ကြိုင်ကိုယ်တိုင် ဘုရားထီးတင်ထားခဲ့ကြောင်းကိုလည်း သိရှိရပါတယ်။
မေလ ၃ဝ ရက် - ဒီပဲယင်း အရေးအခင်းနေ့ (၆) နှစ်ပြည့် အထူးအစီအစဉ် အင်တာဗျူး (ဒုတိယပိုင်း) ။
(ဟစ်တိုင် http://www.hittai.org/main.htm မှ အင်တာဗျူးအား ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါသည်)။
ဟစ်တိုင်။ ။၂၀၀၃ခုနှစ် မေလ၃၀ရက် ဒီပဲယင်းအရေးအခင်းဖြစ်တဲ့ညက လမိုက်ည၊မြန်မာလို ၁၃၆၅ခုနှစ် ကဆုန်လကွယ်ည လို့  သိရတယ်ဘုရား။အဲဒီ လမိုက်ညကိုမှ အာဏာရှင်တွေက ရွေးပြီးဒေါ်စုတို့ ကို စနစ်တကျ လုပ်ကြံခဲ့တာလို့  အများကပြော နေကြ တယ်ဘုရား။ဦးဇင်းအနေနဲ့  ဘယ်လို ထင်မြင်ချက် ပေးချင်ပါသလဲဘုရား။
ဦးဇင်းဦးဝိမလ။ ။ ဦးဇင်းအမြင်ကတော့ သူတို့ စနစ်တကျ ကြိုတင်ကြံစည်ခဲ့တာဖြစ်တယ်။ပုံမှန်အားဖြင့်ဒေါ်အောင်ဆန်းစုကြည် တို့ အဖွဲ့ ဦးဇင်းတို့ ကျည်ရွာကို ရောက်ရမယ့်အချိန်ဟာ နံနက်ပိုင်းဖြစ်ရပေမယ့်၊ ဒီပဲယင်းမှာ ကုလားမယား ခြေ မချရဘူးဆို တဲ့ စီမံချက်တွေကြောင့် နအဖ က ဒေါ်စုတို့ အဖွဲ့ကို ညဘက်ကျမှ ရောက်စေချင်ခဲ့တာ သိပ်သိသာတယ်။သတ်ကွင်းထဲကို တ မင် မောင်းသွင်းသလို…စီမံချက်ချ၊အကွက်ကျကျ….ကြိုတင်ကြံစည်ရွေးချယ်……လုပ်ကြံခဲ့ကြတာ ဖြစ်တယ်။ ဒီပဲယင်းမှာ အ သေ လုပ်ကြံမယ်လို့  ဗိုလ်ချုပ်မှုးကြီးဆီက အမိန့် အော်ဒါ ရပြီး ထားပုံရတယ်။ဒါ့ကြောင့် ဒီပဲယင်းအရေးအခင်းကို ညဘက်မှာ ဖန်တီး ချင်လို့  ဒီပဲယင်းမရောက်ခင် ဘုတလင်မြို့ မှာကတည်းက အချိန်ဆွဲ နှောက်ယှက်ဟန့် တား နည်းဗျုဟာတွေနဲ့  ဒီပဲ ယင်းမြို့ အ ဝင်ကို နံနက်မဝင်စေဘဲ ညဘက်ဝင်ဖြစ်အောင် ကြိုတင်ကြံစည်ခဲ့ကြတာပဲ။ လမိုက်ညဖြစ်သွားတော့ အတိုင်းထက်အလွန်ပေါ့။ ဒေါ်စုတို့ ကို လုပ်ကြံမယ့် သတ်ကွင်းနေရာကို ကျည်ရွာ(သို့ မဟုတ်)ရွာသစ်ရွာ ရဲစခန်းသစ်နေရာလို့  နအဖက မေ ၃၀ မတိုင် ခင် ရက်အနည်းငယ် ကတည်းက ကြို စီစဉ်ထားခဲ့ပုံရတယ်။
ဦးဇင်းတို့ ကျည်ရွာအလွန် ရွာသစ်ရွာစိုက်ပျိုးရေးစခန်းလို့ အများခေါ်နေကြတဲ့  ရွာသစ်ရွာ ဆည်မြောင်းဦးစီးဌာနခြံဝင်းကို အ ခင်း မဖြစ်ခင် ရက်အနည်းငယ်ကတည်းက ယာယီရဲစခန်းအဖြစ် သတ်မှတ်ကာ လုံခြုံရေးရဲတွေ တိုးမြှင့်ချထားခဲ့တယ်။ ခြံဝင်းထဲကို ဘောက်စာ(bowser)ကားကြီးများ၊မြေညှိစက်ကားကြီးများ၊စစ်ထရပ်ကားများ၊အလောင်းကောက်မည့်ကားများ ကြိုတင် ရောက် ရှိနေရာယူထားခဲ့တယ်လို့ သိရတယ်။စခန်းအနီး ကားလမ်းဘေးက သစ်ပင်ကြီးတပင်ကိုလည်းအခင်းဖြစ်မယ့် နေ့ မှာ ပြတ်လု ပြတ်ခင် လွှနဲ့ တိုက်ထားပြီး၊သံကြိုးတွေနဲ့  လဲမကျအောင် ယာယီထိန်းထားခဲ့တယ်လို့ ကြားသိခဲ့ရတယ်။
ကားလမ်းတဘက်တချက်က သစ်ပင်ကြီးတွေပေါ်မှာလည်း ညကြည့်မီးဆလိုက်ကြီးတွေ ကြိုဆင်ထားခဲ့တယ်လို့ သိရတယ်။ဒါ့
အပြင် အခင်းဖြစ်မယ့်နေ့ ညနေ (၃)နာရီလောက်မှာ နအဖတွေက အဲဒီရွာသစ်ရွာဂိတ်စခန်းထဲကို ဆရာတော်တွေကို ပင့်ပြီး
သီတင်းသုံးနေထိုင်ခိုင်းပြီး နောက်နေ့ မှ ပြန်ကြွစေတယ်လို့ သိရတယ်။စစ်ကိုင်းတိုင်းသံဃာ့မဟာနာယက ဆရာတော် (၂)ပါး၊ ရေဦးမြို့ နယ်သံဃနာယက ဆရာတော်တွေ၊ဒီပဲယင်းမြို့ နယ် သံဃာ့နာယက ဆရာတော် ဦးနန္ဒော။ခွန့် တောင်း (ဒေသအခေါ် =ခတောင်း )ကျေးရွာ သံဃာ့နာယကဆရာတော် ဦးနန္ဒောဘာသ။
အင်ပင်ကုန်းထဲ ကျေးရွာသံဃနာယကဆရာတော် ဦးနန္ဒိ အစရှိတဲ့ဆရာတော်တွေကို ပင့်ထားပြီး အခင်းဖြစ်ပြီးနောက်နေ့ မှာ
ဆရာတော်တွေကို သက်သေအဖြစ် လက်မှတ် အတင်းထိုးခိုင်းခဲ့တယ်လို့ ကြားသိရတယ်။လက်မှတ်ထိုးရတဲ့စာရွက်မှာ (အဓိ ကရုဏ်းဖြစ်ပွားရခြင်းမှာ ဒေါ်စုကြည်ယာဉ်တန်းက သူတို့ ကို စတင်တိုက်ခိုက်တဲ့အတွက် သူတို့ က ပြန်လည်တိုက် ခိုက်ရိုက် နှက်ရတာဖြစ်တယ်)လို့ ရေးထားပြီး၊ဟုတ်မှန်ကြောင်းလက်မှတ်ရေးထိုးခိုင်းတာလို့ သိရတယ်။
၂ပါးတည်းသာ လက်မှတ်ထိုးပေးခဲ့တယ်လို့ သတင်းထွက်လာတယ်။နအဖအလိုကျ လက်မှတ်ထိုးပေးခဲ့တဲ့၂ပါးကတော့..ဒီပဲ ယင်းမြို့ နယ် သံဃာ့နာယက ဆရာတော် ဦးနန္ဒောနဲ့  ခွန့် တောင်း ကျေးရွာ သံဃာ့နာယကဆရာတော် ဦးနန္ဒောဘာသတို့ 
ဆိုပြီး သတင်းထွက်လာတယ်။
ဟစ်တိုင်။ ။ သံဃာတွေထဲမှာလည်း ပြည်သူ့ ဘက်က၊ အမှန်တရားဘက်က လိုက်ပါကြတဲ့ သံဃာတွေ ရှိသလို ၊ စစ်အာဏာရှင် နအဖအလိုကျ အဂတိလိုက်စားကြတဲ့ သံဃာတွေလည်း ရှိသေးတယ်ဆိုတာသိလာရတယ်ဘုရား။ဦးဇင်းတို့ လို ပြည်သူတွေကို ကူညီကယ်တင်ဆေးကုပေးတဲ့ သံဃာတွေကျတော့ ဘာ့ကြောင့် ဘယ်လို အဖမ်းခံရပြီး ဘာပုဒ်မတွေနဲ့ ထောင်ချခဲ့တာလဲဆိုတာ့ နားမလည်နိုင်လို့ ရှင်းပြပါဦးဘုရား ။
ဦးဇင်းဦးဝိမလ။ ။ အခင်းဖြစ်စဉ်ကို သူ့ ရက်နဲ့ သူပြောပြနေတာဆိုတော့ ဦးဇင်းထောင်ကျတဲ့အကြောင်းက မရောက်နိုင်ဘူးဖြစ် နေ သေးတာပေါ့။လာမယ်ကြာမယ်။တဖြည်းဖြည်းချင်းစိတ်ရှည်ရှည်နဲ့ နားထောင်။ ဦးဇင်းပြောပြရင်းနဲ့ လိုရင်းရောက်လာပါလိမ့်မယ်။
ရွာသစ်ရွာရဲဂိတ်မှာ ဒေါ်စုတို့ ကို အပြီးသတ် ကားနဲ့ တိုက်သတ်ဖို့ အထိ ကြိုတင်စီစဉ်ခဲ့တာကို ချောဆွဲခံရတဲ့ ကားဒရိုင်ဘာ တဦး ကိုယ်တိုင် ဦးဇင်းနဲ့ ထောင်ထဲမှာ တွေ့ လို့  သူပြောပြလို့ သိခဲ့ရတယ်။
ဒေါ်စုကားကို မျက်နှာချင်းဆိုင်တိုက်ခိုင်းတဲ့ကားက ရွှေဘိုနဲ့ ကျောက်မြောင်းပြေးဆွဲနေတဲ့ ခရီးသည်တင် ဒိုင်နာအဝါတစီးနဲ့  ဒီပဲ ယင်းမြို့နယ်၊ညောင်လှကျေးရွာက ယာဉ်မောင်းသူ သိန်းမြင့်(ခ)မြင့်သိန်း မောင်းတဲ့ ရိန်းဂျားကား အပြာတစီးတို့ ဖြစ်တယ်။
ဝင်တိုက်တဲ့အချိန်မှာ ဒေါ်စုတို့ သွားမယ့် ယာဉ်ကြောကားလမ်းကို သံဆူးကြိုးဂိတ်တွေနဲ့ အထပ်ထပ်ပိတ်ထားပြီးမှ လမ်း ဘေး တဘက်တချက်က ရပ်ထားတဲ့ကားတွေက ကားရှေ့ မီးကြီးတွေ ကို ဒေါ်စုတို့ ကားတန်းကို ထွန်းပေးထားချိန် ဝင်တိုက်ခိုင်း ခဲ့ တာဖြစ်တယ်။နအဖ စစ်အာဏာရှင်တွေက ဒေါ်စုတို့ ကို မေ၃၀ ညမှာ ဒီပဲယင်းအရေးအခင်း ဖန်တီးပြီး အစဖျောက်လုပ် ကြံခဲ့ ပေမယ့် ၊ ဒေါ်စုတို့ ကား ဒီပဲယင်းမြေကနေ လွတ်မြောက်သွားခဲ့တယ်။ရေဦးမြို့ မှာဒေါ်စုတို့ အဖမ်းခံရ၊ အခုထိ မလွတ်သေး၊ ဒါ တွေ အားလုံးသိနေကြပြီးပြီ။ မေ၃၀ညနဲ့ မေ၃၁ရက်နေ့  မနက် ဝေလီဝေလင်းအချိန်တွေမှာ နအဖစစ်အာဏာရှင်တွေ ဘယ် လို ကြိုတင်ကြံစည်ကာ အလောင်းတွေကောက်၊အလောင်းတွေ အစဖျောက်ခဲ့သလဲဆိုတာ ဦးဇင်းမြင်တွေ့ ကြားခဲ့ရသမျှတွေ ဆက်ပြောပြချင်တယ်။
ဟစ်တိုင်။ ။ မိန့် ပါဘုရား၊ဇာတ်ရှိန်မြင့်လာပြီဘုရား။သာမန်လူသတ်မှုမှာတောင် မသတ်ခင်ကြိုတင်ကြံစည်၊သတ်ပြီး အလောင်း ဖျောက်တာတောင် ပြစ်မှုထင်ရှားရင် ဥပဒေအပြစ်အရမ်းကြီးတယ်လို့  မှတ်သားဖူးတယ်ဘုရား၊ပြစ်မှုကျူးလွန်တဲ့ယောက်ျား တဦးက တခြားယောက်ျားတဦးကို သတ်တာထက် မိန်းမတဦးကို ကြိုတင်ကြံစည်သတ်ဖြတ်အလောင်းဖျောက်သတ်ရင် လူ သတ်မှုအပြင် မုဒိန်းမှုပါ အပိုဆု အဖြစ်ဆွဲချက်အတင်ခံရတယ်လို့  မှတ်သားဖူးတယ်ဘုရား။အခုဒီပဲယင်းမှာ မိန်းမယောက်ျား အလောင်းတွေကို ဖျောက်ပစ်တယ်ဆိုတော့ နိုင်ငံတော်လူသတ်မှု၊မုဒိန်းမှုတွေအဖြစ် ဦးဇင်း ရှုမြင်မိပါသလားဘုရား။
ဦးဇင်းဦးဝိမလ။ ။ စစ်အာဏာပိုင်တွေက သူတို့ ကြိုတင်ကြံစည်ထားတဲ့ ရာဇဝတ်မှုကြီးဆိုတာ သိနေလို့ လူရမ်းကားတွေ..အပြီး သတ်.ရိုက်နှက်သတ်ဖြတ်ပြီးချိန်လို့  သတ်မှတ်ယူဆလိုက်တဲ့ မေ၃၀ ညသန်းခေါင်လောက်ကစပြီး ၊ သူတို့  အခင်းဖြစ်တဲ့နေရာ ကို ရှင်းလင်းဖို့  အသင့်စောင့်ဆိုင်းနေကြတဲ့သန့် ရှင်းရေးအဖွဲ့ ကားတွေ၊ မီးသတ်ကားတွေ ရောက်လာပြီး ကားလမ်းပေါ်က သွေးတွေကိုဆေးကြတယ်၊အလောင်းတွေကောက်ကြတဲ့နေရာမှာတောင် အသက်မသေဘဲ မျောနေတဲ့ သူတွေတွေကိုလည်း ကောက်သွားတယ်လို့  အလောင်းကောက်ရာမှာပါဝင်ခဲ့တဲ့ ဒကာတယောက်နဲ့ ဦးဇင်း ထောင်ထဲမှာ တွေ့ ခဲ့တုန်းက သူပြောပြလို့ သိခဲ့ရတယ်။
သူတဦးတည်း ကိုယ်တိုင်ကောက်ပြီး ကားတွေပေါ်တင်ပေးခဲ့ရတဲ့ အလောင်းပေါင်းဟာ (၈၇)လောင်းတိတိရှိတယ်လို့ ဦးဇင်း ကို ပြောပြတယ်။တခြားသူတွေ ကောက်တင်တာ မပါသေးဘူးနော်။အသေအပျောက်ဘယ်လောက်ဆိုတာ ခန့် မှန်းကြည့်နိုင်ပြီ ပေါ့။ အလောင်းတင်တဲ့ ကားကြီးရဲ့ အရောင်က ငွေရောင်၊သားစိမ်းငါးစိမ်းတွေတင်တဲ့ အနောက်ပေါက် တပေါက်တည်းပါတဲ့ ကားကြီး ပုံစံနဲ့ တူတယ်။အလောင်းတွေ အကုန်တင်ပြီးတာနဲ့ အဲဒီကားကြီးဟာ ရွာသစ်ရွာ ရဲစခန်းထဲမောင်းဝင်သွားတယ်။ ဘယ် နေရာမှာ အလောင်းတွေကို ဖျောက်ဖျက်ပစ်လိုက်တယ်မသိဘူး.. အလောင်းကောက်သူတွေ၊အလောင်းကားပေါ်တင်ပေးရသူတွေရဲ့ လက် မောင်း ဘယ်ညာနှစ်ဖက်လုံးမှာ အဖြူရောင် လက် ပတ် တွေ ပတ်ထားခိုင်းပြီး ၊ရင်ဘတ်မှာလည်း တံဆိပ်အဝိုင်းတွေကို အမှတ် အသားတွေအဖြစ် တပ်ခိုင်းထားတယ်လို့ …
အဲဒီ ဒကာပြောပြလို့ သိခဲ့ရတယ်။အလောင်းကောက် သန့် ရှင်းရေးလုပ်ကြတာ မေ၃၁ မနက် ၃နာရီလောက်မှာမှ သိမ်းကြ တယ် လို့ သိရတယ်။ ဦးဇင်းကိုယ်တိုင် နောက်နေ့ မနက်လင်းတော့ ပေါက်ပြားတလက်ထမ်းရင်း အခင်းဖြစ်တဲ့ လယ်ကွင်းတွေဘက် သွားကြည့်ခဲ့တယ်။စစ်သားတချို့  မြေကွက်လပ်တခုမှာ အမှိုက်တွေ မီးရှို့ နေတာတွေ့ ခဲ့ရတယ်။
သင်္ကန်းအစုတ်၊ပုဆိုးထမီအစုတ်တွေ၊အမျိုးသားအမျိုးသမီးဝတ်အင်္ကျီအစုတ်တွေ၊ပင်နီအင်္ကျီနဲ့ အန်အယ်လ်ဒီ ရင်ထိုးတံဆိပ် တွေကို ကောက်ယူစုပုံ မီးရှို့ နေတာ တွေ့ ခဲ့ရတယ်။
ဦးဇင်းကြားဖူးသလောက် တဘက်သတ်လုပ်ကြံမှုတွေမှာ အလောင်း၁၀လောင်းကျော်ရင် နိုင်ငံတော်လူသတ်မှုမြောက် တယ် လို့ မှတ်သားခဲ့ရဖူးတယ်။
ဟစ်တိုင်။ ။ဦးဇင်းကို ဘယ်နေ့ မှာ လာဖမ်းတာလဲဘုရား။
ဦးဇင်း ဦးဝိမလ။ ။ ဒီပဲယင်းအရေးအခင်းမှာ ပြည်သူဘက်က ကူညီသူတွေ၊ မသေဘဲကျန်ခဲ့သူတွေ ဇွန်လဆန်းမှာပဲ စတင်အ ဖမ်း ခံကြရတယ်။ဇွန်လ ၂ရက်နေ့ မှာ ပျံကျကျေးရွာက ဦးသန်းထွန်းရဲ့ သား ကိုမောင်ထွန်း အဖမ်းခံရတယ်။အကြောင်းက အရေး အခင်းမှာ ထွက်ပြေးလွတ်မြောက်လာကြတဲ့ ကျောင်းသူကျောင်းသားတွေကို ကူညီမှုနဲ့ တဲ့။သူနဲ့ ဦးဇင်း ဒီပဲယင်းရဲ စခန်း အချုပ် ထဲမှာ ဆုံခဲ့လို့  သူပြောပြလို့ သိခဲ့ရတယ်။လာဖမ်းတဲ့ အာဏာရှင်တွေက သူ့ အဖေ လယ်တဲထဲက ဓါတ်မြေသြဇာ မြေဆီ ၂အိတ် ကို ရေမြောင်းထဲ ကန်ချပြီး လယ်တဲကိုလည်း မီးရှို့ သွားခဲ့တယ်လို့ ကိုမောင်ထွန်း ပြောပြလို့ သိခဲ့ရတယ်။
ဦးဇင်းနဲ့ ဦးဇဝန(၂၀၀၄ခုနှစ် အိန္ဒိယရောက်မြန်မာသံချပ်ခွေတွင် ဂုဏ်ပြုစပ်ဆိုခြင်းခံရတဲ့ ဦးဇင်း) တို့ ကို လာဖမ်းတဲ့ရက်က ဇွန် လ ၆ရက်နေ့ ။ဦးဇင်းကျောင်းကို ဒီပဲယင်းလူသတ်ပွဲ ခေါင်းဆောင် ရွှေဘိုခရိုင် ခယက ဥက္ကဌ ဒု ဗမက သန်းဟန်။မြို့ နယ်ရဲ မှုး သောင်းဝင်း။ကျေးရွာ ရယက သိန်းဇော်။ရဲတပ်ဖွဲ့ ဝင်တွေ ရောက်လာပြီး၊ ခေတ္တမေးမြန်းစရာရှိလို့ လိုက်ခဲ့ပါတဲ့။ဦးဇင်းတို့ ကို ဒီပဲယင်း အချုပ်မှာ ချုပ်ထားတယ်။ပြီးတော့ ဦးဇင်းတို့ နဲ့ အမှုတွဲ =ကျည်ရွာက ကိုကြီးညိုနဲ့ ကိုခင်မောင်လွင်(၂၀၀၄ခုနှစ် အိန္ဒိယ ရောက်မြန်မာသံချပ်ခွေတွင်ဂုဏ်ပြုစပ်ဆိုခြင်းခံခဲ့ရသူ၂ယောက်)။
ပြီးတော့ ဘုရားထွက်ရွာက ကိုတိုက်မင်းနဲ့ ကိုစက်ငွေ တို့  ဖမ်းဆီးခံရတယ်။
ဦးဇင်းတို့ အားလုံးကို (၃၆နာရီ ကျော်) ဆွမ်းထမင်းမကျွေး၊ရေ မတိုက်ဘဲ ချုပ်ထားတယ်။
ဦးဇင်းကို ၂ညတိတိ အိပ်ခွင့်မပေးဘဲ စစ်ကြောရေးလုပ်တယ်။အဲဒီအချုပ်မှာနေစဉ် မိသားစုတွေနဲ့ ဆက်သွယ်ခွင့် မပေးခဲ့ဘူး။
လူတွေကို ညှင်းပန်းနှိပ်စက်တာ ပိုဆိုးတယ်။ ကိုစက်ငွေ ကို ရိုက်နှက်နှိပ်စက်ပြီး ၊ယောက်ျားတန်ဆာကို မီးရှို့ ၊အပ်နဲ့ ထိုး စစ်ဆေးတယ်။ ကိုကြီးညိုကို သံကြိုးနဲ့ ရိုက်နှက်စစ်ဆေးတယ်။
စစ်ဆေးတဲ့ စစ်ခွေးတွေဟာ အရက်မူးရူးသောက်စားပြီး စစ်ဆေးတယ်။ ဦးဇင်း ဒီပဲယင်းအချုပ်မှာရှိစဉ် စစ်ကြောရေး ဝင်ရလွန်းလို့  ဘယ်လောက်ထိ ကြာသွားတယ်။ ရက်စွဲတွေ မမှတ်မိတော့ဘူး။ဒီလိုနဲ့ ရွှေဘိုထောင်ကို မိုးရွာနေတဲ့ ညပိုင်းမှာ ရောက်တာပဲမှတ်မိတော့တယ်။ထောင်ဗူးဝရောက်တော့ဦးဇင်းကိုသင်္ကန်းချွတ်၊ဖိနပ်ချွတ်ခိုင်းတယ်။ ထောင်ဝါဒါတွေက ကျောနဲ့ ရင်ဘတ်ကို လက်သီးနဲ့ ဝိုင်းထိုးကြတယ်။မိန်းဂျေးလ်ရုံးမှာတခါ ဦးဇင်းရဲ့ ခေါင်းကို နံပါတ်တုတ်နဲ့  အရိုက်ခံရတယ်။
ရွှေဘိုထောင်ရောက်ပြီး ၃ရက်မြောက်နေ့ မှာ ထောက်လှမ်းရေးတွေက ထောင်ဗူးဝရုံးခန်းကိုခေါ်ပြီး နံနက် ၈နာရီ ကနေ ညနေ ၃နာရီအထိစစ်တယ်။ဒီပဲယင်းဖြစ်စဉ်တွေ ပြန်မေးတယ်။
ဘယ်သူက စ ရိုက်တာလဲ ။ရွာသားတွေက စ လုပ်တာလား လို့ မေးတယ်။ ဦးဇင်းက …ကြံ့ဖွတ်၊စွမ်းအားရှင်လူရမ်းကားတွေနဲ့ ဘုန်းကြီးအတုတွေက လေးခွနဲ့ အရင်ပစ်ခဲ့တယ် .. ရွာသားတွေမှာ ဘာလက်နက်မှ မပါဘူး၊..လို့ ဖြေလိုက်တယ်။
ထောက်လှမ်းရေးတယောက်က ဦးဇင်းကို မိုက်မိုက်ရိုင်းရိုင်းမေးတယ်..
“ကားမီးရှို့ တာ မင်းဦးစီးပြီး ရှို့ တာ မဟုတ်လား။ ငါတို့ မှာ အထောက်အထားတွေရှိတယ်။ မငြင်းနဲ့ ”
လို့  ဖြဲခြောက်တယ်။ ဦးဇင်းက…”ကျုပ်တို့ က ဦးဇင်းတွေ။ အကျိုးမဲ့တဲ့ အလုပ်ကို အရင်ကလည်းမလုပ်ခဲ့ဘူး။
အခုလည်းမလုပ်ဘူး။ နောင်လည်းလုပ်မှာ မဟုတ်ဘူး” လို့ ပြန်ဖြေလိုက်တယ်။
မင်း ဘာဖြစ်လို့  အသံချဲ့ စက်နဲ့ ရွာထဲ လိုက်အော်တာလဲလို့ မေးတယ်။ ဦးဇင်းက..
ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်၊မြန်မာပြည်ကောင်းစားရေး ကိုယ်ကျိုးစွန့် လုပ်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းသမီး ဒေါ်အောင် ဆန်းစုကြည် ကို ရွာကလူတွေ မြင်ဖူးအောင်ကြည့်ကြဖို့ ဆော်သြခဲ့တာ။လို့ ဖြေလိုက်တယ်။
မင်းရောမြင်ဖူးလို့ လား လို့ ထပ်မေးတယ်။
ကျုပ်လည်း မမြင်ဖူးလို့  ထွက်ကြည့်တာပေါ့ ..လို့ ပြန်ပြောလိုက်တယ်။
ထွက်ကြည့်ချင်ရင် မင်းတယောက်တည်း ထွက်ကြည့်ပေါ့။ အသံချဲ့ စက်နဲ့  --ီး မို့ လို့  အော်ရတာလားလို့ ဦးဇင်း ကို ဆဲတယ်။
လူ ဘယ်နှစ်ယောက်သေလဲ လို့ ထပ်မေးတယ်။
တတိယပိုင်း မကြာမီတင်ဆက်ပါမည်။
(ဟစ်တိုင် http://www.hittai.org/main.htm မှ အင်တာဗျူးအား ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါသည်)။
တရုတ်ပြည်က ထုတ်လုပ်တဲ့ အမျိုးသမီးသုံး ဆံပင်ခေါင်းစည်းကြိုး hair bands များ အကြောင်း။
ဈေးကွက်တွေမှာ ဈေးပေါပေါနဲ့  ရောင်းချနေတဲ့ တရုတ်နိုင်ငံထုတ် စားသောက်ကုန်များ၊ ဆေးဝါးများသာမက လူသုံးကုန် အသုံးအဆောင်ပစ္စည်းတွေကိုပါ သတိထား သုံးစွဲရမယ့် အခြေအနေတွေ ရှိပါတယ်။
ဈေးပေါတယ်၊ သက်သာတယ်၊ သုံးရတာ လွယ်ကူအဆင်ပြေတယ်ဆိုတာလောက်ကို ကြည့်ပြီး ဘေးအန္တရယ်ကျရောက်နိုင်တာ သုံးစွဲရ သင့်တော် မသင့်တော်ကိုပါ ထည့်တွက် စဉ်းစားပြီးမှ ၀ယ်ယူသုံးစွဲ သင့်ပါတယ်။ ဘေးဒုက္ခရောက်မှသာ မရှူနိုင် မကယ်နိုင်ဖြစ်ပြီး အချိန်လွန် ဆုံးရှုံးရတာတွေ မဖြစ်စေချင်ပါ။
ငွေကြေးအမြတ်အကျိုးစီးပွားကိုသာ ကြည့်ပြီး ဘယ်သူတေတ ငတေမာရင်ပြီးရောဆိုတဲ့ ထုတ်လုပ်ရောင်းချကြတဲ့ ၀ိသမလောဘသားများကြောင့်ရော၊ မိမိကိုယ်ကျိုးစီးပွားရေး တိုးတက်ဖို့ သာ ကြည့်ပြီး ဖြန့် ချီရောင်းချကြတဲ့ အတ္တသမား စီးပွားရေးရှင်ကြီးများကြောင့်ရော၊ လာဘ်လာဘယူပြီး ပေါ့ပေါ့ဆဆနဲ့  ဖြစ်ချင်ရာဖြစ်ဆိုပြီး ခွင့်ပြုပေးကြတဲ့ မသမာသူများကြောင့်ရော ပထမဦးဆုံး ခံကြရတဲ့သူတွေကတော့ ၀ယ်ယူစားသောက် သုံးစွဲကြတဲ့ ပြည်သူများသာ ဖြစ်ပါတယ်။
ယခုဖေါ်ပြတဲ့ ဆံပင်ခေါင်းစည်းကြိုးက တရုတ်ပြည်ကနေ ထုတ်လုပ်တာပါ။ ဒီ ဆံပင်ခေါင်းစည်းကြိုးဟာ ဈေးပေါပေါနဲ့ ရောင်းချသလို ၀ယ်ယူသုံးစွဲကြသူ အမျိုးသမီးထုဟာလည်း အရောင်အသွေးလှလှပပနဲ့ မို့  ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် ဒီဆံပင်ခေါင်းစည်းကြိုးကို သေသေချာချာ သတိပြုမိသူကတော့ အတော့်ကို ရှားပါလိမ့်မယ်။ အောက်ဖေါ်ပြပါပုံတွေ ကြည့်ရအောင် -
တွေ့ တဲ့အတိုင်းဘဲ - ဒီဆံပင်ခေါင်းစည်းကြိုးတွေကို အရောင်လှလှ ချည်မျှင်လေးတွေနဲ့  ပတ်ထားတာကို ဖြေကြည့်လိုက်တဲ့အခါမှာ အတွင်းမှာ ကွန်ဒုံ (Comdom) တွေကို ထည့်သွင်းထားတာ တွေ့ ရပါတယ်။
ဘယ်လောက်အန္တရာယ်ကြီးမားလှလည်းဆိုတာ တွက်ဆကြည့်ပါ။ ဒီ ဆံပင်စည်းကြိုးထဲမှာ သုံးတဲ့ ကွန်ဒုံတွေဟာ အသစ်စက်စက်တွေ မဟုတ်ဖူးလို့  သိရပါတယ်။ သုံးစွဲပြီးသား ကွန်ဒုံတွေဖြစ်လို့  ရောဂါပိုးတွေ ကပ်တွယ်နေနိုင်ပါတယ်။ ကိုယ်ခံစွမ်းအား ကျဆင်းစေတဲ့ အေအိုင်ဒီအက်စ်ရောဂါလို အခြားသော လိင်ပိုင်းဆိုင်ရာရောဂါတွေ ကူးစက်နိုင်ပါတယ်။
တစ်ခါတစ်ရံကြရင် အမျိုးသမီးတွေဟာ ဒီဆံပင်စည်းကြိုးကို သုံးစွဲတဲ့နေရာမှာ ဆံပင်စည်းနေတုန်း လက်နှစ်ဘက်မအားတဲ့အခါမှာ ဒီဆံပင်စည်းကြိုးလေးတွေကို ပါးစပ်မှာ ခဏကိုက်ထားကြတာမျိုးလုပ်လေ့ရှိပါတယ်။ ဈေးပေါပေါနဲ့  ရတဲ့ပစ္စည်းတစ်ခုကြောင့် အင်မတန်တန်ဖိုးကြီးလှတဲ့ မိမိဘ၀အသက် ထိခိုက်မှာကို တွေးမိရင်တော့ဗျာ။
ကျွန်တော်တို့  မြန်မာပြည်မှာ ဒီလို ဆံပင်ခေါင်းစည်းကြိုးလေးတွေ တရုတ်ပြည်ကနေ ဘယ်လောက်များများရောက်နေလို့  သုံးစွဲထားကြပြီလည်း မပြောတတ်တော့ပါဖူး။ ကိုယ်ကျိုးရှာ စီးပွားရေးသမားတွေနဲ့  ထုတ်ကုန်ပစ္စည်းများ စားသောက်ကုန်ပစ္စည်းများကို စေ့စပ်သေချာစွာ စစ်ဆေးလေ့မရှိကြတဲ့ ရောင်းချခွင့်ပြုကြတဲ့ သက်ဆိုင်ရာများကိုသာ ပထမဦးဆုံး တာဝန်ရှိသူများလို့  ပြောကြားရပါလိမ့်မယ်။ ရောဂါကူးစက် သေကြေပျက်စီးကြမှသာ ကမန်းကတန်းနဲ့  စစ်ဆေးမှုတွေလုပ်ပြ၊ ပိတ်ပင်တားဆီးမှုတွေ လုပ်ပြနဲ့  အမြင်ကောင်းအောင် အကြားကောင်းအောင် လုပ်ပြနေတတ်တဲ့ နအဖ ကျန်းမာရေးဝန်ကြီးတို့ လို တာဝန်မဲ့သူတွေကိုတော့ လိမ်ညာနေတဲ့ သတင်းစာတွေထဲမှာ တွေ့ ရလို့  အော့နှလုံးနာမိပါတယ်။ သတင်းအမှန် မထုတ်တတ်တဲ့ နအဖပြန်ကြားရေးဝန်ကြီးလည်း လိမ်ညာတတ်လွန်းလို့  နောင်ဘ၀မှာ ပါးစပ်မပါသော သတ္တ၀ါဖြစ်မှာ မြင်ယောင်ပါသေးတယ်။
(နစ်နေမန်း) ။
ဒီ ဆံပင်ခေါင်းစည်းကြိုးအကြောင်း ရေးသားထုတ်ပြန်ထားတဲ့ သတင်းမူရင်းမှာ ဒီလိုရေးသားဖေါ်ပြထားပါတယ်။
BEIJING (AFP) - Used condoms are being recycled into hair bands in southern China threatening to spread sexually-transmittable diseases they were originally meant to prevent, state media reported Tuesday
In the latest example of potentially harmful Chinese-made products, rubber hair bands have been found in local markets and beauty salons in Dongguan and Guangzhou cities in southern Guangdong province, China Daily newspaper said.
'These cheap and colorful rubber bands and hair ties sell well ..... threatening the health of local people,' it said..
Despite being recycled, the hair bands could still contain bacteria and viruses, it said.
'People could be infected with AIDS, (genital) warts or other diseases if they hold the rubber bands or strings in their mouths while waving their hair into plaits or buns,' the paper quoted a local dermatologist who gave only his surname, Dong, as saying. A bag of ten of the recycled bands sells for just 25 sen (three cents), much cheaper than others on the market, accounting for their popularity, the paper said.
A government official was quoted as saying recycling condoms was illegal. China 's manufacturing industry has been repeatedly tarnished this year by a string of scandals involving shoddy or dangerous goods made for both domestic and foreign markets.
In response, it launched a public relations blitz this summer aimed at playing up efforts to strengthen monitoring systems.
Friday, May 29, 2009
မေလ (၃၀) ရက်နေ့  - ဒီပဲယင်းအရေးအခင်းနေ (့၆) နှစ်ပြည့် အထူးအစီအစဉ် ။
(ဟစ်တိုင် http://www.hittai.org/main.htm မှ အင်တာဗျူးအား ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါသည်)။
မြန်မာနိုင်ငံသမိုင်းတွင် စစ်လက်နက်အားကိုးဖြင့်တိုင်းပြည်အာဏာကို မတရားရယူ၍ အစိုးရအမည်ခံအုပ်ချုပ်နေ သော နအဖ စစ်အာဏာရှင်တို့ ၏ အရုပ်ဆိုးအကျည်းတန်သော လုပ်ရပ်များစွာထဲမှ ထင်ရှားသောသွေးစွန်းလုပ်ရပ်တခုကို ထုတ်ပြပါဆို လျှင် မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ ကျည်ရွာအနီးတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပြည်သူပြည်သားတို့ အား နအဖ စစ်အုပ်စုက ၂၀၀၃ခုနှစ်မေလ ၃၀ရက်သောကြာ နေ့ ည လမိုက်ညတွင် တဘက်သတ် ခြုံခိုတိုက်ခိုက် ရိုက်နှက်သတ်ဖြတ်လုပ်ကြံကြသောသမိုင်းဝင် ကမ္ဘာသိ ဒီပဲယင်းအရေး အခင်းနေ့ ဟု ပြောရပါလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီအဖွဲ့ ချုပ် ဒု-ဥက္ကဌ အဘဦးတင်ဦး၊လူကြီး လူငယ်တချို့  အသက်ဘေးမှ လက်မတင် လေး လွတ်မြောက်ခဲ့သော်လည်း၊ အပြစ်မဲ့ လက်နက်မဲ့ပြည်သူများ သေပွဲဝင်ခဲ့ရသော သွေးစွန်းနေ့  ဒီပဲယင်းနေ့ သည် ယခု နှစ် ၂၀၀၉ မေလ ၃၀ရက် နေ့ ဆိုလျှင်ဘာလိုလိုနှင့် ၆နှစ် ပတ်လည်ပင် ရောက်ရှိခဲ့ပေပြီ။ထိုသို့ တနှစ်တနှစ် တိုးကာ ကြာမြင့် လာသော်ငြားနိုင်ငံတော်လုပ်ကြံမှုဖြစ်သော ထိုအရေးအခင်းတွင် ပါဝင်ပတ်သက်ခဲ့ကြသော မြန်မာ့သမိုင်း စစ်ရာဇဝတ် ကောင် ၊ရဲရာဇဝတ်ကောင်၊ကြံ့ဖွတ် စွမ်းအားရှင် ရာဇဝတ်ကောင်တို့ သည် ယခုအထိ အမှုဖွင့် တရားစွဲဆိုခြင်း မခံရသေးဘဲ၊ လက်နက် မဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို လိုက်နာကြသော အပြစ်မဲ့ပြည်သူတို့ နှင့်တကွ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင် ဦး တို့ သည် တရားလိုအဖြစ်မှတရားခံအဖြစ်သို့ ရောက်နေကြရရှာသော ခေတ်ပြောင်းပြန် ခေတ်ပျက်ကြီးထဲက အမှန်တရား ပျောက်ဆုံးနေဆဲ ဒီပဲယင်းနေ့ ၆နှစ်ပတ်လည်ဟုပင် ဆိုလိုက်ချင်တော့သည်။
သမိုင်းမှန်လျှင် ဖျောက်ဖျက်မရ။ သမိုင်းကို လူလုပ်သဖြင့် သမိုင်းမှန်ထဲတွင် အမှန်တကယ် ပါဝင်ပတ်သက်ခဲ့သော သက်ရှိထင် ရှား အသိဥာဏ်မချို့ ယွင်းကြသော လူတို့ ၏အသံသည် ကမ္ဘာအနှံ့  ပဲ့တင်ထပ်ကာ ပျံ့ နှံ့ နေမည် အမှန်ပင်တည်း။
စစ်အာဏာရှင်တို့ က ဘယ်လိုပင် ဆင်သေကို ဆိတ်သားရေနှင့် ဖုံးကွယ် ပလေ့စေ။မဝေးလှသောအနာဂတ်တွင် အမှန်တရား ၏ တရားစီရင်မှုခုံရုံးရှေ့ တွင် မျက်မြင်သက်သေများ၏ ခိုင်လုံသော ထွက်ချက်များကြောင့် သမိုင်းဘီးတပတ်ပြန်လည်လျှက် ပြည်သူတို့ ကို တရားမဲ့စော်ကားခဲ့သော သွေးကြွေးတို့ ကို ပြည်သူ့ ခုံရုံး ကြိုးစင်ထက်တွင် အာဏာရှင်ဆာဒမ်ဟူစိန်ကဲ့ သို့  သန်းရွှေတို့ ငမိုက်သားတသိုက် လှလှကြီး ပြန်ပေးဆပ်ရဦးမည်ကို မြင်ယောင်နေမိတော့သည်။
သွေးစွန်းခဲ့သော ဒီပဲယင်း အရေးအခင်း ကာလအတွင်း မျက်မြင်သက်သေအဖြစ် ပါဝင်ပတ်သက်ခဲ့သူ၊
အရေးအခင်းမှာ ပြည်သူဘက်က ကူညီပါဝင်ခဲ့လို့  ထောင်ဒဏ်ကျခံခဲ့ရသူ၊၂၀၀၄ခုနှစ် အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေရဲ့ အိပ်ငိုက်ချင်းမှ ချက်ချင်းထလော့ တိုက်ပွဲခေါ်သင်္ကြန်သံချပ်ခွေထဲမှာ ထည့်သွင်းစပ်ဆိုဂုဏ်ပြု ခံခဲ့ရတဲ့ ဦးဇင်းတပါး ။ ယခုအခါ အမေရိကန်နိုင်ငံ၊အာရီဇိုးနားပြည်နယ်၊ဖီးနစ်မြို့ တွင် အခြေချနေထိုင်နေသူ၊ သာမန်လူမဟုတ်သော သံဃာတော် အရှင်သူမြတ် ဦးဇင်း ဦးဝိမလအား မိမိတို့ ဟစ်တိုင် အမေရိက သတင်းထောက်တဦးက လူတွေ့ အင်တာဗျူးလုပ်ကာ တင်ပြ ထားချက်များကို ယခု ဒီပဲယင်း ၆နှစ်ပတ်လည် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အတွက် ဟစ်တိုင်အထူးအစီအစဉ်အဖြစ် အောက်ပါအတိုင်း တင်ဆက်လိုက်ရပါသည်။
ဟစ်တိုင်။ ။ဦးဇင်းဘုရား၊ဦးဇင်းကို ဒီပဲယင်းနေ့ အတွက် အင်တာဗျုးခွင့်ရတာ တပည့်တော်တို့ ဟစ်တိုင် မီဒီယာအဖွဲ့ ကိုယ်စား တပည့်တော်က ဝမ်းမြောက်ကြောင်း ဦးတင်လျှောက်ထားပါတယ်ဘုရား။ဦးဇင်းဘွဲ့ တော်ကစလို့  ဦးဇင်း ကြုံတွေ့ ခဲ့ရတဲ့ ဝမ်း နည်းဖွယ်ရာဒီပဲယင်းအရေးအခင်း ဖြစ်ရပ်မှန်တွေကို အများတကာ သိရှိမှတ်သား အကျိုးများအောင် ဟစ်တိုင်မှတဆင့် ပြည့် ပြည့်စုံစုံလေး မိန့် ကြားပေးတော်မူပါဘုရား။
ဦးဇင်းဦးဝိမလ။ ။ဦးဇင်းဘွဲ့ က ဦးဝိမလ ဖြစ်ပါတယ်။ဦးဇင်းဇာတိက စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့ နယ်၊ဒီပဲယင်းနဲ့ လေးမိုင်အကွာ ကျည်ရွာဇာတိပါ။ ဒီပဲယင်းမြို့ နယ်၊စိုင်ပြင် အထကကျောင်းမှာ အလယ်တန်းအထိ လောကီပညာ သင်ခဲ့တယ်။၆တန်းမှာပဲ ကျောင်းကထွက်ပြီး၊ ဇာတိ ကျည်ရွာ၊မြောက်ကျောင်းကြီးမှာ ရှင်သာမဏေကိုရင် စတင်ဝတ်ခဲ့တယ်။အဲဒီနောက် ၁၉၉၄ခုနှစ် မှာ ရဟန်းဘောင်သို့ ဝင်ပြီး ၊မုံရွာမြို့ဓမ္မပါရဂူ ပါဠိတက္ကသိုလ်စာသင်တိုက်၊ရန်ကုန် သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင် တိုက် ၊ရန်ကုန် သင်္ဃန်းကျွန်း ရွှေနားပန်ကျောင်းတိုက်တွေမှာ လောကုတ္တရာ စာပေတွေ လေ့လာသင်ယူခဲ့တယ်။၂၀၀၂ ခုနှစ် ထဲမှာ ကျန်းမာရေးချို့ တဲ့နေတဲ့ ဦးဇင်းဇာတိ ကျည်ရွာကျောင်း ဥပဇ္ဈယ်ဆရာတော်ကြီးကို ပြန်လည်ပြုစုဖို့  တပည့်တပါး အနေ နဲ့ အလှည့်ကျလာတာမို့ ၊ရွာကျောင်းမှာ ပြန်လည်သီတင်းသုံးခဲ့တယ်။
ဟစ်တိုင်။ ။၂၀၀၃ခုနှစ် မေလ ၃၀ရက်မှာ ဦးဇင်းတို့ ကျည်ရွာ ကားလမ်းမပေါ်မှာ နာမည်ကျော် ဒီပဲယင်းအရေးအခင်း ပေါ် ပေါက် လာပုံကို မိန့် ကြားပါဦးဘုရား။
ဦးဇင်းဦးဝိမလ။ ။အဲဒီအရေးအခင်းဖြစ်တော့ ဦးဇင်း ကျည်ရွာမှာ သီတင်းသုံးနေတယ်။ဦးဇင်းကြုံတွေ့ ခဲ့တာတွေ ပြန်ပြောပြ မယ်။ ၂၀၀၃ခု မေလဆန်းကတည်းက ဒကာမကြီးဒေါ်အောင်ဆန်းစုကြည် အထက်မြန်မာပြည်အနှံ့ စည်းရုံးရေးခရီးလှည့် လည်နေတယ်ဆိုတဲ့သတင်းကို ရေဒီယိုတွေက တဆင့် ဦးဇင်းကြားသိနေခဲ့ရတယ်။ဒေါ်စုတို့ အဖွဲ့ ကို ပြည်သူတွေ သောင်း သောင်းဖျဖျ ကြိုဆိုကြတာတွေ၊နအဖ စစ်တပ် ရဲ မီးသတ် ကြံ့ဖွတ် စွမ်းအားရှင်တွေက ခရီးလမ်းမှာ အမျိုးမျိုးနှောက်ယှက် နေတဲ့ သတင်းဆိုးတွေလည်း ဦးဇင်းကြားနေခဲ့ရတယ်။ဦးဇင်းတို့  ဒီပဲယင်းကို လာမယ်လို့ လည်း သိရတယ်။ ဒီလိုနဲ့ ဒေါ်စုတို့ သတင်းနားစွင့်နေရင်း ရွာသူရွာသားတွေကလည်း ဒေါ်စုတို့ လာရင် သွားကြိုကြမယ်ဆိုတဲ့ အသံတွေကလည်း ရွာထဲမှာကြား နေရတာ အားရှိစရာပေါ့။မေလ၂၆ရက်ရက်နေ့ ရောက်တော့ မကောင်းတဲ့သတင်းတခုကြားရတယ်။ရွာထဲက ဒကာတယောက် က ဦးဇင်းကို လာလျှောက်တယ်။အားလုံးက လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ပြည်သူ့ အချစ်တော် လူထု ခေါင်းဆောင်ဒေါ်စုတို့ ကို တွေ့ ချင်လို့ ဝမ်းသာပျော်ရွှင်နေချိန်မှာ၊ ဒေါ်စုတို့ ကို မုန်းနေတဲ့ နအဖလက်ပါးစေ အလိုတော်ရိ ပြည် သူ့ သစ္စာဖောက် ကြံ့ဖွတ်နဲ့ စွမ်းအားရှင်တွေက ဒီပဲယင်း မြို့တော်ခန်းမ (ဆရာစံခန်းမ)မှာ စခန်းချပြီး လက်နက်ကိုင်သင်တန်း တွေပေးနေတာ တွေ့ ခဲ့ရတယ်ဘုရားလို့  လာလျှောက်တယ်။
နောက်တခု ကြားခဲ့ရတာကိုလည်း ဦးဇင်းကို လျှောက်တယ်။ ကျည်ရွာကားဂိတ်နဲ့  ကိုက်၄၀အကွာလောက်မှာရှိတဲ့တဖက်ရွာ =ဘုရားထွက်ရွာစပ်က ဘောလုံးကွင်းထဲမှာ ကျည်ရွာ ရယက ဥက္ကဌ သိန်းဇော်နဲ့ အဖွဲ့ ၊ရဲတပ်ဖွဲ့ တွေက လမ်းသွားလမ်းလာ ကားတွေကို ရပ်တန့် စစ်ဆေးနေတယ်။ကားပေါ်ပါ ခရီးသွားတွေကို မှတ်ပုံတင်စစ်၊ဓါတ်ပုံမှတ်တမ်းတွေ ရိုက်ယူရင်း လာမယ့် မေလ ၃၀ရက်နေ့ မှာ ကျည်ရွာကားဂိတ်သို ဘယ်သူမှ မလာကြဖို့ နဲ့ လာတဲ့သူကို ဥပဒေအရ အရေးယူမယ်လို့ ခြိမ်းခြောက် ပြောဆိုနေကြောင်းတွေကို ဦးဇင်းကို ပြောပြတယ်။
ဦးဇင်းလည်း ဒကာပြောတာ ဟုတ်မဟုတ် နောက်နေ့ မေလ၂၇ နဲ့ ၂၈ ရက်နေ့ တွေမှာ ကိုယ်တိုင်သွားကြည့်ခဲ့တယ်။ မေလ ၂၇ရက်မှာ ဆရာစံခန်းမမှာ လက်နက်ကိုင်သင်တန်းတက်နေသူတွေ သိပ်မစုံသေးပေမယ့်၊ မေလ ၂၈ရက်ရောက်တော့ လူ တော်တော်စုံနေတာတွေ့ ခဲ့ရတယ်။သင်တန်းသားတွေလက်ထဲမှာ လုံထိန်းတွေကိုင်တဲ့ နံပါတ်တုတ်တွေ ကိုယ်စီရှိနေတာတွေ့ ခဲ့ရတယ်။နောက်ထပ်ရောက်လာတဲ့သူတွေအတွက် နံပါတ်တုတ် ဝေပေးဖို့ မလောက်တော့လို့ ၊ဝါးရင်းတုတ်တွေ ဆက်ဝေ ပေးနေတာတွေ့ ခဲ့ရတယ်။သင်တန်းနားချိန်မှာ မူးရူးသောက်စားကြပြီး ရွာထဲသို့ လျှောက်လည်တာ တွေ့ ခဲ့ရတယ်။တချို့ က ဆရာစံခန်းမထဲမှာပဲ လေးခွ အပစ်လေ့ကျင့်နေကြတာ တွေ့ ခဲ့ရတယ်။(ဒေါ်စုကြည်-အမျိုးဖျက်မ အလိုမရှိ။)..စသဖြင့် တိုင်ပေး သူက တိုင်ပေး၊အော်သူတွေက အော်နေကြတယ်။ဦးစီးခေါင်းဆောင်နေသူက ဒီပဲယင်းမြို့ ကြံဖွတ်အတွင်းရေးမှုး ဝင်းသိန်း ဆို တာ သိခဲ့ရတယ်။ မြို့ ရွာ နယ်စုံကလူတွေကို စားစရိတ်ငြိမ်း တနေ့ (၅၀၀) ကျပ်နဲ့ ခေါ်ယူစုဆောင်းကာ သင်တန်းပေးနေတာ လို့  သိခဲ့ရတယ်။အလားတူ ဒေါ်စုတို့ လာရင်နှောက်ယှက်ဖို့  ဦးဇင်းတို့ နဲ့ သိပ်မဝေးလှတဲ့ ရေဦးမြို့  မြို့ တော်ခန်းမမှာ၊ရေဦးမြို့ အထက(၁)ကျောင်းထဲမှာလည်း စွမ်းအားရှင်သင်တန်းဆိုပြီး လက်နက်ကိုင် သင်တန်းတွေ ပေးနေကြတာ တွေ့ ခဲ့ ရတယ်လို့  သွားကြည့်ခဲ့တဲ့ ဦးဇင်းတပါးက ပြောပြလို့ လည်း သိနေခဲ့ရတယ်။
ဒါဆို သူတို့ တွေ လူစုနေကြတာဟာ ခရီးစဉ်သတင်းတွေမှာကြားနေရသလို ဒေါ်စုတို့ အဖွဲ့ ကို နှောက်ယှက်ဖို့ ဆိုတာ သေချာ ပြီဆိုတာ ဦးဇင်းအကဲခတ်မိခဲ့တယ်။
မေ၃၀ ရက်နေ့ နေ့ လည် ၁နာရီမှာ ဒေါ်စုတို့ အဖွဲ့  ဦးဇင်းတို့ ကျည်ရွာကားဂိတ်ရှေ့  ကားလမ်းတဆင့် ခရီးဆက်သွားမယ် ဆို တဲ့သတင်းကို မနက်ပိုင်းကတည်းက စိုင်ပြင်ရွာက ဒကာနှစ်ယောက် က ရွာထဲ လာပြောသွားလို့  ရွာသူရွာသားတွေ နံ နက်၁၀ နာရီကတည်းက ကျည်ရွာ ကားဂိတ်မှာ စုဝေးပြီး ထွက်ကြိုနေခဲ့ကြတယ်။ ရွာသားတွေ ထွက်ကြိုကြတဲ့သတင်းကို နအဖ လက် ကိုင်တုတ် ကျည်ရွာ ရယက ဥက္ကဌ သိန်းဇော်၊ လဝက ဦးမောင်ရှိန် ၊ကြံ့ဖွတ်တွေ၊ရဲတပ်ဖွဲ့ ဝင်တွေ သိသိချင်း ချက်ချင်းလိုက်လံ တားမြစ်ခြိမ်းခြောက်ခဲ့ကြတယ်။ကျည်ရွာကားဂိတ်မှာ ဒေါ်စုကို ထွက်ကြိုတဲ့သူတွေကို စစ်အာဏာရှင် ဘက်တော်သားတွေက ဝါးလုံးတွေတန်းပြီး ထွက်မကြိုကြဖို့ ၊ပြန်ကြဖို့ ၊မပြန်တဲ့သူတွေကို အကုန်ဖမ်းပစ်မယ် စသဖြင့် ကြိမ်းမောင်းပြောဆိုရင်း ဓါတ်ပုံ ရိုက်၊စာရင်းမှတ်လုပ်နေကြတယ်လို့  အဲဒီကားဂိတ်က ပြန်လာတဲ့ ဒကာနှစ်ယောက်က ဦးဇင်းကျောင်းမှာ နေ့ ဆွမ်းဘုန်းပေး နေတုန်း လာလျှောက်ကြတယ်။
ရွာသူရွာသားတွေက ကြောက်ရွံ့ နေကြတယ်လို့  လည်း လျှောက်ကြတယ်။ဒါနဲ့ ဦးဇင်းလည်း ကိစ္စမရှိဘူး၊ဆွမ်းစားပြီးတာနဲ့ ရွာ ထဲ လှည့်ပြီး အသံချဲ့ စက်နဲ့  အားလုံးထွက်ကြိုကြဖို့ ဆော်သြလိုက်မယ်လို့ ပြန်ပြောလိုက်တယ်။ဆွမ်းစားပြီးတာနဲ့ ကျောင်း ထိုင်ဆရာတော်ကြီးကို ရွာကအဖြစ်အပျက်တွေကို ဦးဇင်းမြင်ခဲ့ကြားခဲ့ရတဲ့အတိုင်း တင်ပြလျှောက်ထားရင်း အသံချဲ့ စက်သော့ ယူရင်း ရွာထဲဆော်သြဖို့  ခွင့်ပြုဖို့ ဆရာတော်ကိုလျှောက်ထားတော့ ဆရာတော်က ..အေး၊ဒို့  မြန်မာလူမျိုးတွေ အချင်းချင်း
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မဖြစ်သင့်တာတွေ မဖြစ်ဖို ၊့ ဒို့  တတ်နိုင်တဲ့ ဘက်က ကာကွယ်ရမယ်..လို့ ရွာထဲဆော်သြဖို့  ခွင့်ပြုရင်း မိန့် တာနဲ ၊့ ဦးဇင်းလည်း အသံချဲ့ စက်ဆရာ ကိုသိုက်ထွန်းဝင်းနဲ့ အတူအသံချဲ့ စက်ကို နွားလှည်းပေါ်တင်ရင်း ၊ရွာထဲလှည့်ကာ ဒေါ်အောင်ဆန်းစုကြည်ကို မကြောက်မရွံ့ ထွက်ကြိုကြဖို့ ၊ဦးဇင်းးကိုယ်တိုင် အသံချဲ့ စက်နဲ့ လိုက်လံဆော်သြခဲ့တယ်။
ဟစ်တိုင်။ ။ ထွက်ကြိုကြတဲ့ရွာသားစုစုပေါင်းဘယ်လောက်လို့ ခန့် မှန်းပါသလဲဘုရား။ရှေ့  ဘာဆက်ဖြစ်သေးလဲ ဘုရား။မိန့် တော်မူပါဦးဘုရား။
ဦးဇင်းဦးဝိမလ။ ။ဦးဇင်းလိုက်လံဆော်သြလို့  နံနက်၁၀နာရီကစပြီး ကျည်ရွာကားဂိတ်မှာ ထွက်ကြိုသူပေါင်းဟာ ကျည်ရွာအပါ အဝင် ရွာနီးဝန်းကျင်ကျေးရွာတွေက ကြိုဆိုသူပေါင်းဟာ ၄ထောင်ကျော် ၅ထောင်နီးပါး ရှိမယ် ခန့် မှန်းရတယ်။ကျည်ရွာမှာ အိမ်ခြေပေါင်း ၁ထောင်ခန့် ရှိတယ်။
တအိမ် မိသားစု၃ယောက်နှုန်း ထွက်ကြိုကြရင်ပဲ ကျည်ရွာမှာ ကြိုသူ ၃ထောင်ကျော်တယ်။
ဘုရားထွက်ရွာမှာ အိမ်ခြေ ၂၀၀ကျော်ရှိတယ်။မန်ကြီးအုပ်ရွာမှာ အိမ်ခြေ ၅၀ခန့် ရှိတယ်။အခြားအနီးဝန်းကျင်က လာကြိုကြသူ တွေနဲ့ပါ ပေါင်းလိုက်ရင် ၄၀၀၀ကျော် လောက်ရှိမယ် ခန့် မှန်းရတယ်။ ဒေါ်စုကို ကြိုဆိုထောက်ခံသူတွေနဲ့ ဆန့် ကျင်ဘက် ၊နအဖစစ်အုပ်စုက ငွေပေးစည်းရုံးလက်နက်သင်တန်းပေး ခေါ်ဆောင်ထားတဲ့ ဒေါ်စုအဖွဲ့ ကို ဆန့် ကျင်ကန့် ကွက် နှောက် ယှက် မယ့် ကြံ့ဖွတ်၊စွမ်းအားရှင်တွေကလည်း ကျည်ရွာအရှေ့ တမိုင်ခန့် ဝေးတဲ့ ရွာသစ်ရွာ ရဲစခန်းမှာ စုရုံးနေကြတာ လူဦးရေ လေးထောင်ကျော်ခန့် ရှိတယ်လို့ ကြားသိခဲ့ရတယ်။ရွာသစ်ရွာတောင်ဘက် (အများအခေါ်=ပတွင်းတံတား)ကနေ စပြီး လမ်း ဘေးဝဲယာ တဘက်တချက်မှာ ဒေါ်စုကိုတိုက်ခိုက်မယ့် အဖွဲ့ တွေကို သူ့ အဖွဲ့ နဲ့ သူ ရဲတပ်သားတွေက ကြီးကြပ်နေရာ ချပေး နေခဲ့တယ်။ အစဉ်လိုက်ပြောရရင် ရှေ့ တန်းမှာ ဝက်လက်အဖွဲ့ ၊ဒုတိယတန်း မှာ ရွှေဘိုအဖွဲ့ ၊တတိယတန်းမှာ ခင်ဦးအဖွဲ့ ၊စတု တ္ထ တန်းမှာ ရေဦးအဖွဲ့ ၊ပဉ္စမတန်းမှာ ခယက ဥက္ကဌ သန်းဟန်တို့ အဖွဲ့ ။
ဒီလိုနဲ့ ကြိုဆိုသူနဲ့ နှောက်ယှက်သူဦးရေဟာ ဆတူ သဘောမျိုးရှိနေတာ တွေ့ ခဲ့ရတယ်။ကြိုဆိုသူတွေက မနက်ခင်းက တည်း က ကားဂိတ်ကားလမ်း တဖက်တချက်မှာ တနေကုန် စောင့်လာခဲ့ကြတာ ၊ညနေပိုင်းရောက်လာတဲ့အထိပေါ့၊
ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့  ကျည်ရွာထိပ်ကို မေ၃၀ရက် ည ၇နာရီ၁၅မိနစ်လောက်မှ ရောက်လာကြတယ်။ ဒေါ်စုတို့ ကား ဆက်လက်မောင်းနှင်လာရင်း ကျည်ရွာကားဂိတ်မရောက်ခင် ကျည်ရွာအလွန် ကြည်ရွာတံတားဦးကျောင်းမှ ဦးဇင်း ဦးကောဏ္ဌည၊ဦးဇင်းဦးတေဇဓမ္မတို့ က ဒေါ်စုတို့ ကားကို တားကာ …ရွာသူရွာသားတွေက မနက်ကတည်းက ထွက်ကြိုနေကြ တာမို့ ရွာလူထု က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခေတ္တမိတ်ဆက်စကား ဟောပြောပေးဖို့ တောင်းပန်စကားပြောခိုင်းလို့  ဦးဇင်းတို့ အနေနဲ့ လာရောက်မေတ္တာရပ်ခံတာပါ…လို့ ဦးဇင်းတွေကပြောတဲ့အခါ ဒေါ်စုကားပေါ် လုံခြုံရေးလိုက်ပါလာတဲ့  လူ ငယ်တွေက ညမိုးချုပ်နေပြီး ရှေ့ ဆက်ရမယ့်ခရီးစဉ်တွေလည်း ရှိနေသေးတာမို့  ဟောပြောဖို့ အချိန်မရတော့တာကို နား လည်ပေးဖို့ တောင်းပန်လျှောက်ထားကြတယ်လို့ သိရတယ်။
ဟစ်တိုင်။ ။ဦးဇင်းဘုရား။အဲဒီ လမိုက်ည သောကြာနေ့ ညမှာ လက်နက်မဲ့တဲ့ ဒေါ်စုနဲ့ ထောက်ခံသူ လူထူကို လက်နက်ကိုင် တွေက အကြမ်းဖက်တိုက်ခိုက်ကြတာ မြင်တွေ့ ခဲ့ရသလောက် မိန့် ပါဦးဘုရား။
ဦးဇင်းဦးဝိမလ။ ။ရွာလူထုရဲ့ တောင်းပန်ချက်အရ ဦးဇင်း၂ပါးက ဒေါ်စုတို့ ကားကို တားရင်း စကားပြောဆိုကြတော့ နောက်က ကားတန်းကြီးလည်း ခေတ္တရပ်တန့် သွားတာပေါ့။ဒါကိုလည်းတွေ့ ရော စောင့်စားနေတဲ့ရွာလူထုကြီးကလည်း ဒေါ်စုတို့ ကို သောင်းသောင်းဖျဖျ ကြိုဆိုကြမယ် ဆိုတဲ့ ဝမ်းမြောက်စိတ်တွေနဲ့ ကားတန်းတွေနား စုပြုံတိုးဝှေ့ ရောက် လာကြတာပေါ့။ အလား တူ ဒေါ်စုကို နှောက်ယှက်တိုက်ခိုက်ဖို့  အသင့်စောင့်ဆိုင်းနေကြတဲ့ နအဖရဲ့ လက်မရွံ့  အာဏာပါးကွက်သားတွေ ကလည်း မူးရူးအော်ဟစ်ရင်း လူအုပ်ကြီးထဲကို လေးခွများနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ကြတယ်။ထို့ အတူ ဒေါ်စုတို့ ကားတန်း နောက်ကို နှောက်ယှက်ဖို့ မုံရွာမြို့ အထွက်ကတည်းက လိုက်ပါလာတဲ့ မှန်လုံကားတွေ၊ဒိုင်နာကားတွေ၊ဟီးနိုးကားကြီးတွေ ပေါ်က ကြံ့ဖွတ် စွမ်းအားရှင်တွေ၊လူရမ်းကားတွေဟာ မူးရူးအော်ဟစ်ရင်း လမ်းဘေးမှာ ထွက်ကြိုနေကြတဲ့ လူအုပ်ထဲကို လေးခွတွေနဲ့ စတင်ပစ်ခတ်ရင်း ရုန်းရင်းဆန်ခတ် ဖြစ်အောင် စတင်လုပ်ကြပါတော့တယ်။
ရွာလူထုဟာ ရုတ်တရက် မထင်မှတ်ဘဲ ညအချိန်မှာ အဲသလို စတင်အတိုက်ခိုက်ခံရတော့ ထွက်ပြေးသူက ထွက်ပြေး၊ လဲကြ ကွဲကြနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတယ်။
တဆက်တည်း ကျည်ရွာကားဂိတ်မှာ ဒေါ်စုအဖွဲ့ ကို နွားလှည်းပေါ်ကထိုင်ရင်း ထွက်ကြိုနေတဲ့ ဦးဇင်းတို့ ကျည်ရွာဆရာတော် ကြီး ကိုပါ မကျန် လူရမ်းကားတွေက လေးခွနဲ့ ပစ်ပါတယ်။”ဒီဘုန်းကြီးက ကြီးမှ နိုင်ငံရေးလုပ်တာ”ဟု ပြောရင်း လေးခွနဲ့ အ ပစ်ခံရလို့  ဆရာတော်ကြီးမှာ လက်ဖနောင့်မှာတချက်၊ဆီးခုံမှာတချက် ထိမှန်သွားပြီး လှည်းပေါ်မှာ လဲကျသွားခဲ့တယ်။
ဟစ်တိုင်။ ။စစ်အာဏာရှင် ဒေါက်တိုင်တွေက သူတို့ ကို မထောက်ခံရင် ပြည်သူလူထုကို သာမက သာသနာ့ခေါင်းဆောင် ဘုရားသားတော် ရဟန်းသံဃာတွေကိုပါ ကိုယ်ထိလက်ရောက် စော်ကားရဲကြ၊စော်ကားရက်ကြတာ ..ကံကြီးထိုက်ပြီး.. အဝီစိ ငရဲလားမှာ…အရှင်လတ်လတ်မြေမျိုကြမှာတောင် မကြောက်ကြတော့ပါလား ဘုရား။ရှေ့ ဆက် ဘာဖြစ်သေးလဲ မိန့် ပါဦး ဘုရား။
ဦးဇင်းဦးဝိမလ။ ။စစ်အာဏာရူးတွေရဲ့ ခိုင်းဖက် စစ်ဘီလူးတွေဟာ သူတို့ ကို ဆန့် ကျင်ရင် ရဟန်းရော၊ကိုရင်ရော၊ ဘာသာ ပေါင်းစုံက ပြည်သူတွေကိုရော အကုန်လုံးကို မိုက်ရိုင်းစော်ကားကြတာပဲ။ဆရာတော်ကြီးသာမက လှည်းပေါ်မှာပါလာတဲ့ ကိုရင်လေးနှစ်ပါးကိုလည်းလေးခွထိမှန်ခဲ့တယ် ဒကာရေ။ဦးဇင်းတသက်မှာ မျက်စေ့ရှေ့ မှာ သံဃာတွေကို ပြည်သူတွေကို လက်ရဲဇက်ရဲ ငရဲမကြောက် စော်ကားရဲကြတာ ဒီစစ်အာဏာရှင်တွေပါလားလို့ ကိုယ်တွေ့ သိခဲ့ရတယ်။ကိုရင်လေးတပါးက နောက်စေ့ကို ထိမှန်ခဲ့တယ်။နောက်တပါးက ဦးခေါင်းထိပ်မှာ ထိမှန်ခဲ့တယ်။လှည်းပေါ်မှာ ဒဏ်ရာတွေနဲ့ လဲနေတဲ့ ဆရာ တော်နဲ့ ကိုရင်နှစ်ပါးကို သွားကယ်တဲ့ ဦးဇင်းတို့ ကျည်ရွာသား ဒကာဦးဌေးအောင်ဟာ ကိုရင်တွေကို ပွေ့ ထုတ်နေစဉ် ဦးဌေး အောင်ရဲ့ အနောက်ကနေ ဝါးရင်းတုတ်ကိုင်ထားတဲ့ နအဖလက်ပါးစေ ပြည်သူ့ သစ္စာဖောက် အသားထဲကလောက် ထွက်တဲ့ လူရမ်းကားတဦးက ခေါင်းကို ရိုက်နှက်လိုက်လို့ ဦးဌေးအောင် ခေါင်းကွဲသွားခဲ့တယ်။ဦးဇင်းတို့ လည်း ဆရာတော်၊ကိုရင်တွေ ကို ဆိုင်ကယ်တွေနဲ့ သွားရောက်ကယ် ထုတ်ခဲ့ရတယ်။အဲဒီနောက် ဦးဇင်းကိုယ်တိုင် လူမဆန်စွာ ရိုက်နှက်သတ်ဖြတ်နေတဲ့ မြင် ကွင်းများကိုကုက္ကိုပင်များကို အကာအကွယ်ယူလိုက်၊လယ်ကွင်းတွေထဲ ဖြတ်ပြေးလိုက်နဲ့ ကျည်ရွာ မြောက်ဘက်တံတား က နေ တောင်ဘက်တံတားဆုံးအထိရောက်အောင် ပုန်းလျှိုးကွယ်ရှိုး နဲ့ လိုက်လံကြည့်ရှုခဲ့တယ်။အရိုက်ခံရသူတွေဟာ လူမဆန် စွာ တိရစ္ဆာန်တွေကို ရိုက်နှက်သတ်ဖြတ်နေသလို ခံနေကြရတာ တွေ့ ခဲ့ရတယ်။အရိုက်ခံရသူတွေ ဆီက ဆွဲကြိုး၊နာရီ၊လက်စွပ်၊ လက်ကောက်၊နားကတ်၊ရွှေငွေပစ္စည်းတွေကို လုယက်ဖြုတ်ယူနေကြတာ တွေ့ ခဲ့ရတယ်။အခင်းဖြစ်နေချိန်မှာ ဒကာမလေး တယောက်ကို ရိုက်နှက်သူတွေက “ နင် ဝင်းမြမြလား၊ဝင်းမြမြဆိုတာ နင်လား”လို့ မေးရင်း ဦးခေါင်းကို ဝါးရင်းတုတ် နဲ့ရိုက် နေတာတွေ့ ရတယ်။ကောင်မလေးက ဘာမှပြန်မပြောတော့ ကတ္တရာလမ်းနဲ့ခေါင်းနဲ့ မေးလို့ မရမချင်းဆောင့်နေတာတွေ့ ခဲ့ရတယ်။အဲဒီကောင်မလေး လှုပ်ရှားမှုမရှိတော့လို့  သေဖို့ များမယ်လို့ ဦးဇင်းထင်တယ်။အဲဒီနေရာမှာ ဒဏ်ရာတွေနဲ့ လူပေါင်း များစွာ သေကြတာ တွေ့ ရတယ်။
ရိုက်နှက်သူတွေထဲမှာ လူဝတ်ကြောင် လူရမ်းကားများသာမက သင်္ကန်းပတ်စည်းထားတဲ့ ဘုန်းကြီးအတုတွေပါ ဝင်ရောက်ရိုက် နှက်နေတာကိုဦးဇင်း အံ့အားသင့်စွာ တွေ့ ခဲ့ရတယ်။
ဟစ်တိုင်။ ။သံဃာအတုတွေလို့ ဘယ်လို သိရပါသလဲဘုရား။
ဦးဇင်းဦးဝိမလ။ ။ရိုက်နှက်သူတွေထဲမှာ ဘုန်းကြီးအတုတွေလို့  ဘယ်လိုသိရသလဲဆိုတော့ ထိုသူတွေဟာ ပြည်သူတွေကို ရိုက် နှက်ရင်းနဲ့ သူတို့ ပတ်စည်းထားတဲ့ ခါးဝတ်သင်းပိုင်သင်္ကန်းတွေ ကျွတ်ကျသွားတဲ့အခါ စစ်ဘောင်းဘီတိုများ၊ အရပ်ဝတ် ဘောင်းဘီတို (short pant) များ ဝတ်ထားကြတာကို ဦးဇင်းမြင်လို့ မို့  ဘုန်းကြီးအတုတွေလို့ ပြောလို့ ရတာပါ။
ဟစ်တိုင်။ ။ရဟန်း၊ကိုရင် အစစ်တွေဟာ အဲသလို အောက်ခံဘောင်းဘီတိုတွေ ဝတ်လေ့ဝတ်ထ မရှိဘူး မဟုတ်လား ဘုရား။
ဦးဇင်းဦးဝိမလ။ ။မရှိပါဘူး။ဦးဇင်းမြင်ခဲ့ရတဲ့ ဘုန်းကြီးအတုတွေဟာ သင်းပိုင်သင်္ကန်းများ ကျွတ်ကျပြီးပြန်ဝတ်ကြတဲ့ အခါ ဦးဇင်းတို့ သံဃာအစစ်တွေ သင်းပိုင်ပြန်ဝတ်သလို ပြန်မဝတ်ကြတော့ဘဲ လူတွေ ပုဆိုးဝတ်သလို သင်္ကန်းတွေကိုပြန်ဝတ်ပြီး လိုက်လံရိုက်နှက်ကြတာ တွေ့ ခဲ့ရတယ်။တချို့ ဆိုရင် သင်းပိုင်ကိုတောင် ပုဆိုးဝတ်သလို ပြန်မဝတ်တော့ဘဲ သင်္ကန်းအား လုံး ကို ချွတ်ချပြီး ဘောင်းဘီတိုများဝတ်လျှက်နဲ့ ပဲ လိုက်လံရိုက်နှက်ကြပြန်တယ်။
ဟစ်တိုင်။ ။သံဃာကိုရိုက်နှက်တာက တပြစ်၊သံဃာယောင်ဆောင်တာက တပြစ်၊လူသတ် ဓါးပြတိုက်ကြတာက တပြစ်၊အဝီစိ ငရဲလားမယ့် အပြစ်ပေါင်းစုံကို ကန်ထရိုက်ဆွဲပြီး အာဏာရှင်တွေအလိုကျ ကြိုးဆွဲရာ ကကြ ရရှာတဲ့  ထမင်းစားတဲ့ စက်ရုပ် ဘဝရောက်နေကြရသူတွေဟာ တပည့်တော်တို့ ကြားခဲ့ရသလောက် ၊ထောင်ထွက်တွေ စစ်တပ် ရဲ လုံထိန်းထဲက ကတုံးတုံး ရဟန်းအသွင်ပြောင်း မိုက်ကန်းကြရတဲ့ ငမိုက်သားတွေလို့  ကြားသိခဲ့ရတာ ဖြစ်နိုင်တယ်ဘုရား။အင်း..ရက်စက်မှုအပေါင်း သရဖူဆောင်းကြတဲ့ ဒီပဲယင်းလူသတ်ပွဲ ကြီးအကြောင်း ဆက်မိန့် ပါဦး ဘုရား။
ဦးဇင်းဦးဝိမလ။ ။ဦးဇင်းသွားကြည့်တာ ကျည်ရွာ မြောက်ဘက်တံတားအစွန်းကနေ ဟိုးဘက် တောင်ဘက် တံတားအစွန်း အထိရောက်သွားပြီး၊ အဲဒီ တောင်ဘက်ကနေ လိုက်ကြည့်ပြီး မြောက်ဘက်ကို ပြန်လာချိန်မှာ ညအမှောင်မှာ ဦးဇင်း မြင်ခဲ့ ရသရွေ့  လူပေါင်း(၉၀)ကျော်လောက် သွေးသံတရဲရဲနဲ့ တုံးလုံးပက်လက် လဲနေကြတာ တွေ့ ခဲ့ရတယ်။ရုပ်ပျက်ဆင်းပျက်နဲ့ မအော်နိုင်တဲ့သူတွေကများတယ်။ဦိးခေါင်းနဲ့ မျက်နှာတွေကို အဓိကရိုက်ခံထားကြရလို့ ဒကာဒကာမတွေကို ဘယ်သူဘယ်ဝါ ခန့် မှန်းရ ခက်လောက်အောင်ကို ရုပ်လုံးမပီသူတွေ အဖြစ် စိတ်မကောင်းစွာ တွေ့ ခဲ့ရတယ်။ဒကာမလေးနှစ်ယောက် ဆိုရင် ထပ်လျှက် မေ့လဲနေတာ တွေ့ ခဲ့ရတယ်။အပေါ်ပိုင်းအဝတ်အစားတွေ မရှိကြတော့ဘူး။သူတို့ လုံချည်နဲ့ ပေါင်တွေမှာ သွေးစီး တွေနဲ့  ကပ်နေတာကို တွေ့ ခဲ့ရတယ်။အဲဒီအထဲက အသေအပျောက်(၆၀)ကျော်လောက် ရှိမယ်လို့  ခန့် မှန်းရတယ်။
ဦးဇင်း တောင်မြောက်တံတားနှစ်စင်းကနေ ရွာဘက်ကို ပြန်လှည့်လာတော့ တံတားနဲ့ ရွာကြားက သောက်သုံးရေကန်ဘေးမှာ လဲကျနေတဲ့ဆိုင်ကယ်တွေ၊လူတွေကို တွေ့ ခဲ့ရတယ်။သေနေသူအတော်များမယ်လို့ ယူဆတယ်။ရွာကို ဆက်လျှောက်လာရင်း ကျည်ရွာကားဂိတ်နဲ့ ကိုက်၂၀လောက် အတိုင်းအတာရှိမယ့် ရေကူးမြောင်းလေးမှာ ကားတစီးမှောက်နေတာတွေ့ ရတယ်။ ကားခေါင်းထဲမှာ ဒကာတယောက် ဇက်ကျိုးပြီး မျက်လုံးတဖက်ထွက်ကျပြီး သေနေတာ တွေ့ ရတယ်။အဲဒီကား အနောက်ဖက် ပိုင်း ကားဝမ်းဗိုက် ကြမ်းပြင် သံမြောင်းလေးတွေကြားထဲမှာ လူ့ သွေးတွေ လက်တဆစ်လောက် ပြစ်ခဲနေတာတွေ့ ခဲ့ရ တယ်။ အနီးအနား လယ်ကွင်းဘက်တွေထဲကနေလည်း ကယ်ပါ၊ယူပါ တစာစာနဲ့ အော်ဟစ်ညည်းတွားနေတဲ့ အသံတွေလည်း ကြား ခဲ့ရတယ်။
ဦးဇင်း ဆက်လျှောက်လာရင်းနဲ့  ရွာနားရောက်တော့ လမ်းတနေရာမှာ ကျည်ရွာက အသက်၂၀ကျော် ဒကာလေးသက်နိုင် က “ကယ်ပါ၊ကယ်ပါ “လို့ အော်နေလို့ ၊ဦးဇင်းက ရွာသားတချို့ ကို လူနာနားမှာ အစောင့်ထားပြီး ၊ကျန်သူတွေကို ရွာပြန်ကာ လှည်းသွားယူခိုင်းလိုက်တယ်။ ဦးဇင်းက လမ်းဆက်လျှောက်လာရင်းနဲ့ ၊ လှည်းနဲ့ အတူ လှည်းယူခိုင်းလိုက်တဲ့ ဒကာတွေကို ရွာဦးဘုရားနားမှာ မျက်နှာချင်းဆိုင်ပြန်တွေ့ ကြလို ၊့ဦးဇင်းက လူနာကို ရွာကို အမြန်သယ်လာဖို့  ထပ်မှာလိုက်တယ်။
ဦးဇင်းရွာကျောင်းကို ရောက်တယ်ဆိုရင်ပဲ လေးခွဒဏ်ရာရထားတဲ့ ဆရာတော်က ဦးဇင်းပြန်မလာလို့ စိတ်ပူနေတာလို့ ဆို တယ်။ဦးဇင်းက အခု ဘာမှမဖြစ်ဘဲ ပြန်ရောက်လာပြီဘုရားလို့  ဦးချ လျှောက်ထားလိုက်တယ်။ ဒကာလေး မောင်သက်နိုင် ကတော့ လမ်းမှာ ဒဏ်ရာတွေနဲ့ ညည်းညူနေလို့ ရွာကလှည်းနဲ့ သွားသယ်နေကြပြီဘုရားလို့ လျှောက်ထားနေရင်း၊ ကြံ့ဖွတ် ဒကာတယောက်ကို ရွာသားတွေက ဖမ်းဆီးလာပြီး၊ ဦးဇင်း ထံကို လာအပ်ကြတယ်။ကျောင်းထိုင်ဘုန်းကြီးက စစ်မေးခိုင်းလို့ ဦးဇင်းက အဲဒီ ဒကာကို မေးမြန်းတော့သူက ရေဦးမြို့ နယ်၊ရေဦးကုန်းရွာကတဲ့။သူကအရက်မူးနေလို့ သည်းခံခွင့် လွှတ်ပါ ဘု ရားလို့  တောင်းပန်ရင်း သူတို့ ကြံ့ဖွတ်အဖွဲ့ တွေကို စရိတ်ငြိမ်း ၅၀၀ကျပ်ပေးပြီး အရက်တိုက်တယ်။အရက်တွေပါတဲ့ ကား တွေ နဲ့ ဟိုခေါ်ဒီခေါ် ခေါ်သွားပြီး ဒေါ်စုကြည်နဲ့ အဖွဲ့ ကို ရိုက်နှက်ခိုင်းတယ်။တပည့်တော်လည်း မူးမူးနဲ့  ဒေါ်စုကြည်တို့ ကားတန်း ကို ရိုက်နေတုန်း ၊လူသုံးယောက်က ဖမ်းချုပ်ပြီး ၊ ကြိုးတုတ်ကြီးတွေနဲ့ တုတ်ထားပြီး ဘုရားဝင်းထဲမှာ ထားထားတယ် ဘုရား၊ ဦးဇင်း၂ပါးက တွေ့ တော့ ဒီကောင် ဘယ်ကကောင်လဲလို့ ပြောနေချိန် ၊သူ့ ဒကာနှစ်ယောက်ရောက်လာပြီး၊ဒီကောင့်ကို ဦးဝိ မလဆီ ပို့ မယ်ဆိုပြီး ဒီကျောင်းကိုခေါ်လာတာပါ ဘုရားလို့ လျှောက်တယ်။
အဲဒီလို စစ်မေးနေရင်း လူနာမောင်သက်နိုင်ကို တင်လာတဲ့လှည်း ကျောင်းထဲဝင်လာတယ်။
ဒါနဲ့စစ်မေးတာ ခဏရပ်ရင်း..ဒီကြံ့ဖွတ်ဒကာကို..ကျောင်းအောက်မှာ အစောင့်တွေနဲ့ ခဏထားပြီး၊စစ်တာမပြီးသေးဘူး၊သူ့ ကို ဘာမှ မလုပ်ကြနဲ့ လို့ မှာရင်း ၊ဒဏ်ရာတွေနဲ့ မောင်သက်နိုင်ကို အရက်ပျံတွေနဲ့ ဆေးကြောပြုစုပေးရတယ်။သူ့ ဒဏ်ရာတွေက သိပ်ကြီးကျယ်တယ်။
ခြေထောက်အောက်ပိုင်းတွေ အရိုက်ခံထားရတယ်။ဦးခေါင်း အလယ်ခေါင်တည့်တည့် အရိုက်ခံထားရတယ်။ နဖူးထိပ်တည့် တည့် အရိုက်ခံထားရတဲ့ဒဏ်ရာက အတော်ကြီးတယ်။ဦးဇင်းကိုယ်တိုင် ချုပ်ပေးခဲ့ရတယ်။မျက်လုံးနှစ်လုံးစလုံး အထက် အောက် ဝါးချွန်နဲ့ အထိုးခံရတယ်။ဘယ်ဘက် လက်ခုံမှာလည်း ဝါးချွန်နဲ့ အထိုးခံရတဲ့ ဒဏ်ကြောင့် ၊ဝါးချွန်ဆိပ်တက်လွန်းလို့ ၊သူ အခံရခက်လွန်းလို့  သူ့ လက်ကို ဖြတ်ခိုင်းတဲ့အထိ ဒဏ်ရာပြင်းထန် ခံစားနေခဲ့တာ ဦးဇင်း မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ ရတယ်။ကျောင်းပေါ်မှာ ဆေးကုနေတဲ့ လူနာကို ကြည့်နေတဲ့ ဒကာမကြီး တယောက် ရုတ်တရက် မူးလဲသွားလို့ ၊ရုတ် ရုတ် သဲသဲ ဖြစ်သွားခဲ့သေးတယ်။
ကျောင်းပေါ်မှာ ဆူညံနေသလို ကျောင်းအောက်မှာလည်း ရွာသားတွေက ဖမ်းချုပ်ထားတဲ့ ကြံ့ဖွတ်ကောင်ကို ..လူတွေကို သေ အောင်ရိုက်တဲ့ကောင်ကို ပြန်သတ်မယ်..လုပ်နေကြလို့ ဦးဇင်းကဒီကောင့်ကို ဘာမှမလုပ်ကြဖို့  ဟန့် တားရင်း၊ဆယ်အိမ်မှူး ကို အခေါ်ခိုင်းပြီး ဒီကောင့်ကို ကျုပ်တို့ ဒဏ်ရာရအောင် ဘာမှမလုပ်ခဲ့ဘူး လို့ ပြောပြပြီး ပြန်လွှတ်ပေးလိုက်တယ်။
ဟစ်တိုင်။ ။ဦးဇင်းတို့ က သဘောထား ကြီးပြခဲ့တာပေါ့။ ဦးဇင်းက ဘယ်လောက် သည်းခံခွင့်လွှတ်ပေမယ့် ဦးဇင်းကို အာဏာ ရှင်တွေက နောက်ပိုင်း လာဖမ်းပြီး စစ်ကြောရေးမှာနှိပ်စက် မတရားထောင်ဒဏ်ချမှတ်ခဲ့တယ်လို့ ကြားရတယ် ဘုရား။ အသေးစိပ် ရှင်းပြပါဦးဘုရား။
ဦးဇင်းဦးဝိမလ။ ။ဒီပဲယင်းအရေးအခင်းလို့ ဆိုတဲ့ ဦးဇင်းတို့ ကျည်ရွာအနီး နိုင်ငံတော်ကစီစဉ်လုပ်ကြံတဲ့ ကျည်ရွာလူသတ်မှု ကြီး၊ လူသတ်ပွဲကြီးကို ဆက်ပြောပြရရင် ..အဲဒီ မေ၃၀ ညမှာပဲ ဒေါ်စုစီးတဲ့ကားဟာ လူရမ်းကားတွေ ရိုက်နှက်နေတဲ့ ကြားကပဲ ဒရိုင်ဘာရဲ့ ကျွမ်းကျင်မှု၊ဒေါ်စုတို့ ရဲ့ သေဘေးကလွတ်တဲ့ကံ၊ပြည်သူတို့ ပို့ သတဲ့ စစ်မှန်တဲ့ မေတ္တာဓါတ်တွေကြောင့် ရေဦးမြို့ မရောက်ခင်ရွာသစ်ရွာ ရဲစခန်းဂိတ်တွေကို တိုက်ထွက်မောင်းနှင်နိုင်ခဲ့လို့  ရိုက်နှက်သတ်ဖြတ်ခံရတဲ့အဖြစ်ဆိုးကလွတ်ထွက် ခဲ့တယ်။
ရွာသစ်ရွာရဲစခန်းမှာ နအဖဘက်က ပါဝင်ဦးဆောင်သူတွေက ခယက ဥက္ကဌ ဗိုလ်မှုးသန်းဟန်၊စခန်းမှုးဦးစိန်ဝင်း၊ မြို့နယ်မှုး ဦးသောင်းဝင်း၊ဒီပဲယင်းတောင်ပြင်ရပ်ကွက်ကချက်ကြီး(ခ)စိုးတင့်၊ဦးမြဝင်း၊ရေဦးမြို့ မယက ဥက္ကဌ ဦးစိန်မောင်ဝင်း၊ဒီပဲယင်း မယက ဥက္ကဌ ဦးတင်အုန်းတို့ ဖြစ်တယ်။ မြို့နယ်မှူးသောင်းဝင်းရဲ့ လူယုံတော် ချက်ကြီး(ခ)စိုးတင့်ဟာ အခင်းဖြစ်မယ့် နေ့ လည်ကတည်း …ဒီပဲယင်းမြေမှာ ကုလားမယား ခြေမချစေရဘူး…လို့ မြို့ ထဲမှာလျှောက်အော်ခဲ့တယ်။ဒီပဲယင်းအရေးအခင်းမှာ အဲ ဒီအခင်းဖြစ်တဲ့ညမှာ ဒေါ်စုတို့ ကားတန်းကို ရွာသစ်ရဲစခန်းဘက်ကနေ မီးဆလိုက်တွေ ထိုးပြီး၊သေနတ်တွေနဲ့ ပစ်ခတ် တိုက် ခိုက်တယ်လို့ ကြားရတယ်၊ဗိုလ်မှုးသန်းဟန်ကိုယ်တိုင် သေနတ်ပစ်မိန့် ပေးတယ်။သူကိုယ်တိုင်လည်း ဝင်ပစ်တယ်လို့ ကြား ရတယ်။
ဒါ့ကြောင့်စစ်အုပ်စုက ဒေါ်စုကို လုပ်ကြံဖို့ ကြို တင်ကြံစည်ခဲ့တယ်ဆိုတာ အရမ်းထင်ရှားတယ်။အရေးအခင်းအပြီးမှာ လူသတ် လုယက်လို့ ရွှေငွေအများဆုံးရသူဟာ ချက်ကြီး လို့  နာမည်ကြီးလာခဲ့တယ်။ဒါပေမယ့် အခုထိ ဒီလူသတ်တရားခံတွေကိုအရေး မယူဘဲ၊အခံဘက်က ခံခဲ့ကြရတဲ့ ဒေါ်စုအပါ အဝင် ဦးဇင်းတို့ ကို ထောင်ချခဲ့တယ်။
နောက်ဒုတိယပိုင်း မကြာမီတင်ပြပါမည်။
(ဟစ်တိုင် http://www.hittai.org/main.htm မှ အင်တာဗျူးအား ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါသည်)။
အောင်ဆန်းစုကြည် ။
ပြည်သူ့ ရန်သူ နအဖနှင့် ဝေးဝေး ရှောင်ကြရန် ပြည်သူများသို့ ထပ်မံသတိပေးချက်။
ကောက်ကျစ်ယုတ်မာသော နအဖနှင့် ဆက်ဆံပေါင်းသင်းခြင်းများကို အမြန်ဆုံး ရှောင်ရှားကြပါရန် ထပ်မံသတိပေးအပ်ပါသည်။
မြန်မာနိုင်ငံ မြို့ အသီးသီး နယ်အသီးသီးမှ ပြည်သူများအနေဖြင့် နအဖ ထိပ်ပိုင်း ဗိုလ်ချူပ်ကြီးများနှင့် ၀န်ကြီးများ သွားလာလေ့ရှိသော နေရာဒေသများ၊ နအဖ ရုံးဌာနဆိုင်ရာ အဆောက်အဦးများ၊ နအဖ ဗိုလ်ချူပ်ကြီးများနှင့် ၀န်ကြီးများ ဖြတ်သန်းသွားလာလေ့ရှိသော လမ်းမများအား မြို့ အသီးသီး နယ်အသီးသီးမှ ပြည်သူများအနေဖြင့် ရှောင်ရှားကြပါရန် အထူး သတိပေးအပ်ပါသည်။
ယုတ်မာစဉ်းလဲသော နအဖမှ ၄င်းတို့  အာဏာဆုပ်ကိုင်ထားရေးအတွက် မလိုလားအပ်သော လုပ်ရပ်များဖြင့် ပြည်သူများအား ထိခိုက်နစ်နာစေနိုင်ရန် လုပ်ကြံဖန်တီးမှုများ ရှိမှုကြောင့် တန်ဆာခံ မဖြစ်စေရန် နအဖအား ဝေးဝေးမှ ရှောင်ကြဉ်နေကြပါရန် သတိပေးအပ်ပါသည်။
နအဖအနေဖြင့် ပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ချွင်းချက်မရှိ ချက်ခြင်း မလွှတ်ပေးဘဲ အကျယ်ချူပ် (သို့ ) ထောင်သွင်းအကျဉ်းချခြင်း ပြုလုပ်ပါက နအဖရန်သူအား တိုက်ရိုက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်းနှင့် ရန်သူနအဖအား တိုက်ရိုက်တိုက်ခိုက်သော လုပ်ရပ်များသည်သာလျှင် ပြည်သူ့ ဘက်တော်သားများမှ ဆောင်ရွက်သော တိုက်ပွဲခေါ်သံ တော်လှန်ရေးဆင်နွဲမှု ဖြစ်ကြောင်းနှင့် အခြားသော ပြည်သူလူထုအား ထိခိုက်စေနိုင်သော လုပ်ကြံမှု လုပ်ရပ်များအားလုံးသည် နအဖ၏ ဖန်တီးမှု သက်သက်သာ ဖြစ်ကြောင်း သိသာရှင်းလင်းစေရန် ခွဲခြားဖေါ်ပြ အသိပေးအပ်ပါသည်။
တပ်မတော်အတွင်းရှိ ပြည်သူ့ တပ်မတော်သားအဖြစ် ရပ်တည်လိုသော ဆန္ဒရှိကြသည့် တပ်မတော်သားများအနေဖြင့်လည်း ပြည်သူ့ ဘက်တော်သားများမှ ဆောင်ရွက်သော တိုက်ပွဲခေါ်သံ တော်လှန်ရေးဆင်နွဲမှုတွင် အာဏာရှင်အား သုတ်သင်ရန် ပြည်သူနှင့် ပူးပေါင်းလက်တွဲကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
အာဏာရှင်နအဖ၏ အသုံးချခိုင်းစေမှုကို လုပ်ဆောင်နေကြတဲ့ ရဲ၊ လုံထိန်း၊ စွမ်းအားရှင်၊ ကြံ့ ဖွံ့ များအားလည်း ပြည်သူလူထုအပေါ် ရမ်းကားစွာ ဆက်ဆံနေမှုအား အမြန်ဆုံး ရပ်တန့် ပြီး၊ ပြည်သူ့ ဘက်တော်သားများမှ ဆောင်ရွက်သော တိုက်ပွဲခေါ်သံ တော်လှန်ရေးဆင်နွဲမှုဘက်သို့  အချိန်မီ ကူးပြောင်းရန် ဖိတ်ခေါ်အပ်ပါသည်။ ထိုသို့ မဟုတ်ဘဲ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက နအဖရန်သူအား တိုက်ရိုက်တိုက်ခိုက်ရာတွင် ရှေ့ ဆုံးမှ အရင်ဆုံး ရှင်းလင်းသုတ်သင်ရမည့်သူများအဖြစ် ခံရမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။
ပြည်သူ့ ရန်သူ နအဖနှင့် ဝေးဝေး ရှောင်ကြရန် ပြည်သူများသို့ ထပ်မံသတိပေးအပ်ပါသည်။
(ပြည်သူ့ ဘက်တော်သားများ) ။
"ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီး ချုပ်နှောင်ခံရခြင်း နှင့် စစ်အစိုးရ၏ ယုတ်မာမှု အပေါ် ပြည်သူများ၏ ခံစားချက်" စာအုပ် ထုတ်ဝေမည် ဖြစ်ပါသဖြင့် ဖိတ်ခေါ်ခြင်း။
လေးစားရပါသော မိဘပြည်သူများ၊ ဘလော့ဂ်ဂါများ၊ အဖွဲ့အစည်းအသီးသီ မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အဖွဲ့ဝင်များ ခင်ဗျာ..
အမေရီကန်နိုင်ငံသား ဂျွန်ဝေလီယန်ယက်တော် နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝင်းအတွင်း တိတ်တဆိတ် ဝင်ရောက်လာခြင်း သည်စစ်အစိုးရ၏ လုံခြုံရေး ညံ့ဖြင်းခြင်းကြောင့်သာ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ လူသားပီသသည့် လူလူချင်း ညှာတာစိတ်ထားသည့် ခေါင်းဆောင်တစ်ဦးပီသသည့် “သူမကြောင့် အခြားသူ တစ်ဦး အာဏာရှင် လက်ထဲ ရောက်မှာ မလိုလားပါဖူး" ဆိုတဲ့ စကားဟာ ယက်တော သူ့ဖာသာ ၀င်ရောက် လာခြင်းကို နအဖလက်ထဲ တိုင်ပြီး အပ်ရမယ့် လုပ်ရပ် ကို သူမ မလုပ်ခဲ့ပါ။ လူလူချင်း ဒုက္ခ ရောက်မယ့် လုပ်ရပ် သူမ မလုပ် နိုင်ပါ ... မြန်မာ ဖြစ်စေ နိုင်ငံခြားသား ဖြစ်စေ မခွဲခြားဘဲ ထားတဲ့ စိတ်ဓါတ်ဟာ ယက်တောရော နိုင်ငံတကာက ပြည်သူတွေရော သိစေချင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြင့်မြတ်သည့်၊ လူသား ပီသသည့်၊ နိုင်ငံကြီးသား ပီသသည့်၊ လူလူချင်း ခွဲခြားဆက်ဆံမှု မရှိသည့် ဒေါ်အောင်ဆန်းစုကြည် အတွက် ကျွန်တော် တို့ ဂုဏ်ယူထိုက်ပါသည်။ မည်သို့ပင် ဖြစ်စေကာမူ ဒေါ်အောင်ဆန်းစုကြည် တွင် လုံးဝ အပြစ်မရှိပါ။ ယခုအခါတွင် စစ်အစိုးရတို့ ကြိုတင် ကြံစီထားသည့် အတိုင်း ဒေါ်အောင်ဆန်းစုကြည် အား အကျဉ်းထောင်တွင်း ၌ ဆက်လက် ဖမ်းဆီး ချုပ်နှောင် ထားတော့ မည်။
အထက်မြန်မာပြည်ခရီးစဉ်အတွင်းဖြစ်ခဲ့သည့် ဒီပဲယင်း လုပ်ကြံမှုကြီးမှအစ ယနေ့ အင်းစိန်ထောင် အတွင်း ရောက်နေရသည် အထိ ဒေါ်အောင်ဆန်းစုကြည်၌ လုံးဝ အပြစ်မရှိပါ။ မတရား ဖမ်းဆီးချုပ်နှောင် ထားခြင်းသာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်သို့ ရွေ့ပြောင်းချုပ်နှောင် ထားခြင်း သည် ကျွန်ုပ်တို့ အားလုံးနှင့် ပြည်သူတရပ်လုံး၏ မျှော်လင့်ချက်များ အလုံးစုံကို ဖမ်းဆီးချုပ်နှောင်ထားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ကျွန်တော် တို့အနေ နှင့် မိဘပြည်သူများ ၊ ဘလော့ဂ်ဂါများ ၊ အဖွဲ့အစည်းအသီးသီ မှ တာဝန်ရှိ ပုဂ္ဂိုလ် များနှင့် အဖွဲ့ဝင်များ အားလုံး၏ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီး ချုပ်နှောင်ထားခြင်း နှင့် စစ်အစိုးရ၏ ယုတ်မာမှု အပေါ် ခံစားချက်များ အားလာရောက် ရေးသားဖို့ ဖိတ်ခေါ်ပါရစေ။ ထိုရေးသားချက်များအား “ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီး ချုပ်နှောင်ခံရခြင်း နှင့် စစ်အစိုးရ၏ ယုတ်မာမှု အပေါ် ပြည်သူများ၏ ခံစားချက်” အမည်ဖြင့် စာအုပ် ထုတ်ဝေပြီး နိုင်ငံ အသီးသီး ၏ ခေါင်ဆောင်များ ၊ မြန်မာနိုင်ငံ အကြောင်း စိတ်ဝင်စားသူများ ထံ ပေးပို့သွားမှာ ဖြစ်ပါတယ်။
www.news-shrc.org
လေးစားစွာဖြင့် -
ဒေါက်တာ - နန်းသီတာအေး
ဒုဥက္ကဌ
ဓနုအမျိုးသားကောင်စီ။
Thursday, May 28, 2009
အင်းစိန်ထောင်ရှေ့ ၌ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆိုင်းဘုတ်ကိုင်၍ ကြွေးကြော်ဆန္ဒပြ။
အင်းစိန်ရှေ့ တွင် အသက် (၅၀) ခန့် အရွယ် ဦးဇော်ညွန့်  (တပ်မတော် လေတပ်အရာရှိဟောင်းတစ်ဦး) ဟာ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ ဆိုင်းဘုတ်ကိုထောင်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါစေဆိုပြီး အော်ဟစ်ဆန္ဒပြပါတယ်။ ဒီအချိန်မှာဘဲ ဒီအဖြစ်အပျက်ကို ကင်မရာနဲ့  လိုက်ရိုက်သူတွေနဲ့  စာရွက်စာတမ်းဝေသူများကို နအဖဘက်တော်သားတွေက လိုက်လံဖမ်းဆီးပါတယ်။ ဦးဇော်ညွန့် နဲ့ အတူ နောက်တစ်ဦး ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း သိရှိရပါတယ်။
ပြည်သူလူထုအားနဲ့  အားလုံး ၀ိုင်းရံထွက်ကြပါစို့ ။
ဘုရင်ရူးကြီး ရူးနေသူနှင့် အလိုတော်ဖြည့်ကြရသူ နိုင်ငံတော်အနှိပ်သည်အဖွဲ့ ဝင်များ ကျွန်များဘ၀။
မြန်မာပြည်ကြီးကို သူ့ဘာသာ အာဏာသိမ်းပြီး အုပ်ချုပ်နေသူ သန်းရွှေဟာ အမှန်တကယ်ကို ဘုရင်ရူး ရူးနေသူတစ်ယောက်ဖြစ်ကြောင်း သူနဲ့ နီးစပ်သူ တပည့်သားမြေးများထဲမှ သည်းမခံနိုင်တော့သူတစ်ဦးက ပြောပြပါတယ်။
သန်းရွှေဟာ ဘောလုံးပွဲကြည့်ရတာကို အလွန်နှစ်သက်သူတစ်ယောက်ဖြစ်ပြီး၊ သူဘောလုံးပွဲကြည့်တဲ့အခါ တစ်ယောက်တည်း ဘယ်တော့မှ မကြည့်ပဲ နီးစပ်သူ တပည့်သားမြေး၊ ၀န်ကြီး၊ ၀န်ကလေးများကို သူနဲ့အတူကြည့်ဖို့ ခေါ်တတ်ပါတယ်။
သူကြည့်တဲ့ ပုံစံကို မြင်ယောင်အောင် ပြောပြရရင် အခန်းကျယ်ကြီးတစ်ခုတည်းမှာ သန်းရွှေဟာ သူထိုင်ဖို့ ခုံကြီးတစ်လုံးတည်း ချထားပြီး ကြည့်ပါတယ်။ ကျန်တဲ့ ၀န်ကြီး၊ ၀န်ကလေး၊ တပည့်သားမြေးတွေကတော့ သူ့ခြေရင်းက ကြမ်းပြင်ပေါ်မှာထိုင်ရင်း ဘောလုံးပွဲကို ကြည့်ရပါတယ်။
ကြည့်နေရင်းကနေ သူ့ကို ခြေဆုပ်လက်နယ် ပြုလုပ်ပေးဖို့ အပြိုင်အဆိုင် အလုအယက် ကြိုးစား ကြရပါတယ်တဲ့။ အဲဒီလူတွေအထဲမှာတော့ အောင်သောင်းဟာ နှိပ်တာအတော်ဆုံး၊ လက်အပေါက်ဆုံးမို့ သန်းရွှေက အင်မတန်သဘောကျတယ်လို့လည်း ပြောပါတယ်။
ဘောလုံးပွဲပြီးလို့ အိမ်ပြန်တော့မယ်ဆိုရင် ၀န်ကြီး၊ ၀န်ကလေးများဟာ ဒီတိုင်း ထပြန်လို့မရပါဘူး။ သန်းရွှေကို ဦးချကန်တော့ပြီးမှ ပြန်ကြရပါတယ်။ တခါတလေ မကန်တော့လိုသူများက ယောင်လည်လည် လုပ်ပြီး လစ်ထွက်ခဲ့လို့ရှိရင်၊ ဘယ်အချိန် ဘယ်နေရာကနေ ကြည့်နေမှန်းမသိတဲ့ ဒေါ်ကြိုင်ကြိုင်က အိမ်ပေါက်ဝကို ထွက်လာပြီး “ ဟဲ့ ပြန်တော့မလား၊ နင်တို့ အဘကို ကန်တော့သွားအုံးလေ၊ ပြီးမှပြန်” ဆိုပြီး အတင်း ကန်တော့ခိုင်းပါတယ်လို့ သည့်မခံနိုင်တော့သူ တစ်ဦးက ပြောပြပါတယ်။
ဒီလို သန်းရွှေ ဘုရင်ရူးကြသလို လက်အောက်ခံ အလိုတော်ဖြည့်ကြသူများကလည်း အားကျမခံ သူတို့ ရဲ့  နိမ့်ကျသူ တစ်ဆင့်ခံတွေအပေါ်မှာ စေခိုင်းပါတော့တယ်။ ဒီလိုနဲ့  သန်းရွှေကစလို့  ၀န်ကြီး ၀န်ကတော်များရဲ့  ဇက်ကြောတက်ညောင်းညာသမျှကို ပညာအကုန်သုံးပြီး နှိပ်ပေးနေရလို့  နအဖဟာ နိုင်ငံတော်အနှိပ်သည်အဖွဲ့ လို့ တောင် အမည်တွင်တော့မယ်။
လူပုံလည်အကြားမှာလည်း ဗိုလ်ချူပ်တစ်ဦးရဲ့  ရှူးဖိနပ်ကို အားရပါးရ တိုက်ပေးနေရတဲ့ အရာရှိငယ်လေးတွေ၊ ဗိုလ်ချူပ်ကြီးများ အရာရှိကြီးများရဲ့ ကတော်တွေကို နင်းနယ်နှိပ်နယ်ပေးနေရတဲ့ အရာရှိအရာခံအကြပ်တပ်သားတွေရဲ့  ဇနီးသားမယားတွေ၊ အထက်ကအရာရှိများရဲ့  နေအိမ်တွေမှာ အိမ်စေကျွန်သဖွယ် ယောင်္ကျားဖြစ်သူက ရေခပ်ထင်းခွဲ မိန်းမဖြစ်သူက အ၀တ်လျှော် ချက်ပြုတ် မီးပူတိုက် ကြမ်းတိုက်လုပ်ပေးနေကြရတဲ့ စစ်သားရဲဘော်လေးများနဲ့ သူတို့ ရဲ့ ကြင်ယာများကို ကြည့်ပြီး သန်းရွှေနဲ့  ဗိုလ်ချူပ်ကြီးများရဲ့  ဘုရင်မှူးမတ်များသဖွယ် ခိုင်းစေနေတာနဲ့  ကျွန်သဘောက်သဖွယ် ချေးပါသေးပေါက်က အစ ခိုင်းတာမှန်သမျှလုပ်ပေးနေရတဲ့အဖြစ်တွေပါလားလို့  တွေ့ မြင်မိပါတယ်။
လူတွေ မပြောနဲ့  အဆောက်အဦးတွေ တံတားတွေဆောက်တာ၊ မြို့ ရွာဒေသတွေ တိုးချဲ့ တာ၊ လမ်းတွေဖောက်တာ ပွဲလန်းသဘင်တွေ ကျင်းပတာတွေ အကုန်လုံးမှာ ဘုရင်ခေတ်လို နန်းဆံဆံ ပုံစံတွေနဲ့  လုပ် နန်းဆံဆံ အမည်အခေါ်အဝေါ်တွေ သမုတ်နဲ့  လုပ်နေတာ ဘုရင်ရူးဇတ်ကချင်နေတဲ့ သန်းရွှေတို့ ရဲ့  ရုးသွပ်ချက်တွေပါဘဲ။
နေက်ဆုံးကြတော့ နေ၀င်းက စလိုက်တဲ့ အစ အခု သန်းရွှေလက်ထက်ထိ ဘုရင်ရူး မှူးမတ်ရူး ရူးနေကြကာ လူကို လူလို တန်ဖိုးမထားဘဲ အခိုင်းအစေကျွန်သဖွယ် အဆင့်ဆင့် ဆက်ဆံနေကြတော့ ယခု နအဖခေတ်ဟာ သက်ဦးဆံပိုင်ဘုရင်စနစ်နဲ့  ကျေးကျွန်စနစ် နှစ်ခု ပေါင်းစပ်တာထက်တောင် ပိုဆိုးနေပါပြီ။
ဒါတွေကို အဟုတ်ကြီးမှတ်နေကြသူတွေကတော့ အရူးပြောသမျှ ယုံ၊ အရူးခိုင်းသမျှ လုပ်၊ အရူးဘုံမြှောက်ပြီးနေကြတာ ကိုယ့်ကိုကိုယ် ကျွန်ဘ၀ရောက်နေကြတာ မှန်ထဲပြန်ကြည့်ရင်တောင် တဖြေးဖြေး ရုပ်လုံးပေါ်နေပြီဆိုတာ သဘောပေါက်သင့်နေပါပြီ။
သန်းရွှေရဲ့  မိန်းမ၊ သားသမီးတွေမပြောနဲ့  မြေးမြစ်တွေဖြစ်ကြတဲ့ နေရွှေသွေးအောင်က အစ လူကိုလူမှန်း မသိတော့ဘဲ တိုင်းပြည်မှာ လူထုအပေါ် ရမ်းကားချင်တိုင်း ရမ်းကားပြီး မောက်မာစွာဆက်ဆံနေကြတာကို စစ်တပ်ထဲက အရာရှိအရာခံအကြပ်တပ်သားတွေကအစ ငုံ့ ခံ ကျွန်ပြုနေကြတော့ တိုင်းပြည်ကြီးရဲ့  ကံကြမ္မာကတော့ အရင်ခေတ်ကလို နယ်ချဲ့ ကျွန်ဘ၀အောက်ရောက်ကို မရောက်ဘဲနဲ့ အခုက သန်းရွှေတို့ ရဲ့  ကျွန်သဘောက်ဘ၀အောက် ရောက်လို့ နေပါပြီ။ ကိုယ်ရဲ့ မြေးမြစ် မျိုးဆက်သစ်တွေ ဆက်ပြီးတော့ ကျွန်ဖြစ်မှာ မခံချင်ရင်တော့ တစ်ခုတည်းသောလမ်းကို လျှောက်ဖို့ ဘဲ ရှိပါတယ်။
Wednesday, May 27, 2009
ရူးကြောင်ကြောင် လုပ်ရပ်နဲ့  ဖြုတ်ဦးနှောက်သာ ရှိသူများ။
ဒီနေ့  မနက်ပိုင်းက “နယ်စပ်မှ ဖောက်ခွဲရေးသမားများ ဝင်ရောက်လာပြီ” လို့  ခွပ်ဒေါင်းတံဆိပ်နဲ့  အန်အယ်လ်ဒီစာတန်းပါ စာရွက်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှာ ကားပေါ်ကနေ ကြဲချသွားတဲ့သတင်းနဲ့  ပတ်သက်လို့  ဒီစာရွက်တွေကို ဖတ်လိုက်ရသူက ဖတ်လိုက်မိတာနဲ့ ဒီဟာ နအဖက တမင်သက်သက် ဖန်တီးတာဘဲ ဖြစ်မယ်လို့  ချက်ချင်းကောက်ချက်ချကြတယ်။
စာကြဲချခဲ့သူတွေက ပုံမှားရိုက်တာ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ကဘဲ သတိပေးသလိုလို၊ ပြည်သူတွေကို ယုံကြည်စေသလိုလို၊ တကယ်ဘဲ ဖျက်ဆီးသူတွေ ရောက်ရှိနေသလိုလိုနဲ့  ထင်ယောင်ထင်မှားဖြစ်အောင်ဆိုပြီး လုပ်တာလေ။ သူတို့ ထင်သလိုများ ရွှီးလုံးထုတ်ပြီး ဖိန့် လို့ ရမယ် ထင်နေတယ်။ ဦးနှောက်က ပုရွက်ဆိတ်ထက်တောင်သေးတဲ့ ဖြုတ်ဦးနှောက်နဲ့  များ (တကယ်တော့ ဦးနှောက်မရှိ) လာပြီး ဒီလို လုပ်ရတယ်လို့ ဗျာ။
နောက်ပြီး လာကြဲချတာက အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ရုံးရှေ့ မှာမှ လာကြဲချရတယ်လို့ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်က ထုတ်ပြန်တဲ့ မှန်ကန်တဲ့စာဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်အဖွဲ့ ဝင်တွေ ကိုယ်တိုင်က ဝေမှာပေါ့။ မောင်းသွားတဲ့ကားထဲကနေ ကြဲချစရာများလို လို့ လား။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ရုံးထဲကနေ ထွက်လာပြီး ဝေမှာပေါ့။ လုပ်ကြံပြီး စာလာကြဲချတဲ့သူတွေ လုပ်ရပ်က အတွေးအခေါ်ရှိတဲ့ ကလေးတောင် ဒီလို မလုပ်ဖူး။ ယုတ္တိကင်းမဲ့လွန်းလှပါတယ်။
အဲ့ဒီလို မောင်းသွားတဲ့ ကားပေါ်ကနေ စာကြဲချသူတွေက ဘယ်သူတွေ ဖြစ်မလည်း။ ဒီလို ဦးနှောက်မရှိတဲ့သူတွေကို ဘယ်သူတွေက ခိုင်းတာလည်း၊ သေချာတာကတော့ ရုးကြောင်ကြောင် လုပ်ရပ်ကို ခိုင်းစေခံရတဲ့သူတွေကတော့ ပေါကြောင်ကြောင်တွေ ဖြစ်မယ်ဆိုတာ ကျိန်းသေသလို၊ ခိုင်းစေတဲ့သူကလည်း ရူးကြောင်ကြောင်ဆိုတာ သေချာမှာဘဲ။
ဒီလို ရူးကြောင်ကြောင်နဲ့  ပေါကြောင်ကြောင်သူတွေ ပေါင်းမိလို့ လည်း တိုင်းပြည်ကြီးက အဖတ်ဆယ်မရ ဖြစ်နေတာ။ ဦးနှောက်ပျက်နေတဲ့သူနဲ့  ဦးနှောက်မရှိတဲ့သူတွေ သူမသာ ကိုယ်အသုဘတွေ ဖြစ်နေကြတော့ တိုင်းပြည် မပျက်ဘဲ ခံနိုင်မလားဗျာ။
ဒီနေ့  အဲ့ဒီလို ပုံမှားရိုက်ပြီး ကားပေါ်ကနေ စာလာကြဲချသူတွေကတော့ သိတဲ့အတိုင်း ကြံ့ ဖွတ်တွေပါဘဲ။ ဘယ်သူတွေလည်းဆိုတော့ - တာမွေက နအဖသတင်းပေး စံရှိန်နဲ့  လှမိုးအောင်ဆိုတဲ့ အရိုးအရင်းလောက်ရလို့  ကိုက်နေကြရတဲ့သူတွေဘဲ။ သူတို့ စီးလာတဲ့ကားက ကားနံပါတ် (၁၇၄)။
ဒီလို ရူးကြောင်ကြောင်တွေကို မြို့ နယ်တွေ ရပ်ကွက်တွေထဲမှာ ဒီအတိုင်း မလွှတ်ထားကြနဲ့ ဗျို့ ။ ရပ်ကွက်နာတာတင်မကဖူး ကိုယ်အိမ်ပေါ်တက်ပြီး စော်ကားသွားမှ နောင်တ မရကြနဲ့ ။ မျိုးဖြုတ်ထားမှ တော်ရုံကြမှာ။
သတင်းတွေ ပုံမှားရိုက်တယ်၊ တရားဥပဒေတွေ ပုံမှားရိုက်တယ်၊ လူတွေ ပုံမှားရိုက်တယ်၊ စာတွေ ပုံမှားရိုက်တယ်။ နအဖအလုပ်တွေက ဒီလောက်တောင် အောက်တန်းကျလှချည်လား၊ နအဖအောက်တန်းစားခိုင်းသမျှ အမေမွေးထားကတည်းကပါလာတဲ့ ကိုယ့်ခေါင်းထဲက ဦးနှောက်လေးတောင် အားမနာ ဘာခိုင်းခိုင်း ယုံတတ်တဲ့ ဘာခိုင်းခိုင်း လုပ်တတ်တဲ့သူတွေကိုတော့ အတော့်ကို အံ့သြမိပါရဲ့ ။ လူမှ ဟုတ်ပါလေစလို့ ဗျာ။
“အခြေအနေများ” ဆိုတဲ့သီချင်းနဲ့  စာသားလေးပါ။ Generation Wave က ဖြစ်ပါတယ်။
သီချင်းကို ဒီမှာ ဒေါင်းလုပ် လုပ်ပြီး နားဆင်နိုင်ပါတယ် - http://sharebee.com/387432e1
အခြေအနေများ။
Artist Moethway
Produced by Generation Wave
စာသင်တဲ့ကျောင်း ခေါင်းလောင်းလည်း ကွဲအက်ပြီ ပညာအဆင့်က လက်နှိုက်မမီ
ဘွဲ့လက်မှတ်က အီးကုန်းလို့ရသည်
ကျောင်းကားမလောက်လို့ အားကိုးရှာကာ ရုံးခန်းသွားပြောသည်
ကျောင်းသား ၅ယောက် jail ထဲပို့လိုက်ပြီ။
ပြည်သူတွေလုံးရင်းပါးရင်း အမွှေးကျွတ်ကုန်ပြီ တနေ့လုပ်တနေ့ငတ်သည်
ဘုန်းဘုန်းအတွက်တော့ ဆွမ်းလေးအမြဲကပ်သည်
ကိုယ်တော်တွေ ဆွမ်းဘုဉ်းပေးရင်း အတွေးထဲမြင် မျိုမကျတော့ စဉ်းစားပြီ
ပရိတ်ထွက်ရွတ်တော့ တုတ်နဲ့ရိုက်သတ်သည်
ပရိတ်ထွက်ရွတ်တော့ သေနတ်နဲ့ပစ်သတ်သည်။
(ဒါမြန်မာပြည်မှာ တကယ်ကို ဖြစ်ခဲ့သည်
အာဇာနည်တွေမြင်ရင် ရှက်လိမ့်မည်
ငါတို့တခုခုတော့ လုပ်မှဖြစ်တော့မည်။
အာဏာရှင်ကို အမြစ်မဖြတ်နိုင်ရင် လူတွေ ဥပုသ်စောင့်ရမည်
တခေါက်တော့ ထပ်လို့ လမ်းမထွက်မှ ဖြစ်မည်
လူညီရင်ပွဲပြတ်နိုင်သည် ပြိုင်တူတွန်းကြရွေ့ရမည်
ကုလသမဂ္ဂ စောက်ဂရုမစိုက်တော့ပြီ။
မုန်တိုင်းကြီးရုတ်တရက်တိုက်ခတ်မွှေသည် အလောင်းများ သိန်းသန်းချီ
road map အစုတ်အပြတ် အလုပ်မပျက် ရှေ့ဆက်သည်
အကူအညီတွေပေးဖို့ အဝေးက တကူးတကလာသူ မောင်းထုတ်ပစ်လိုက်သည်
အားလုံး လက်မြှောက်အရှုံးပေးလိုက်ရသည်)2 ။
သီချင်းကို ဒီမှာ ဒေါင်းလုပ် လုပ်ပြီး နားဆင်နိုင်ပါတယ် - http://sharebee.com/387432e1
ပြည်သူတွေ လှုပ်ရှားနိုင်ဖို့ အတွက် လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကလည်း နအဖကို တိုက်နေကြပြီ။ ဒီအချိန်ဟာ နေရာတိုင်းက တိုက်ပွဲဝင်ကြဖို့ ဘဲ။
ဓနုအမျိုးသားကောင်စီရဲ့  စီမံမှုနဲ့  ဖွဲ့စည်းထားသော ပူးပေါင်းအဖွဲ့ဟာ ယနေ့  နံနက် (၄း၃၀) နာရီခန့်က မိုင်းဆတ်မြို့နယ်အတွင်း ဖြတ်သန်းသွားလာခဲ့တဲ့ နအဖ (တြိဂံဒေသတိုင်း စစ်ဌာနချုပ် ) မှ စစ်ယာဉ်တန်း ၃ စီးအား တိုက်ခိုက်ခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသည့် နအဖဘက်မှ အားလုံးသေဆုံးပြီး လက်နက်များအား သိမ်းဆည်း ရမိကြောင်း သိရပါတယ်။ ယမန်နေ့ ကလည်း သျှမ်းပြည်တပ်မတော် SSA တောင်ပိုင်း တပ်ဖွဲ့မှ နအဖထံ သစ္စာဖောက်ခဲ့သည့် ဗိုလ်မှူးကြီးမိုင်းဇင့်နှင့် နအဖ စစ်ထောက်လှမ်းရေး နှစ်ယောက်ပါ ယာဉ်တန်းအား တိုက်ခိုက် ချေမှုန်းခဲ့ပါတယ်။ ထို့ အတူ မကြာခင်သေးကလည်း ကရင်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုတစ်ဖြစ်တဲ့ KNLA ကလည်း နအဖ ဒု-ဗိုလ်မှူးချူပ်ကောင်းမြတ်ကို ချေမှုန်းသုတ်သင်ခဲ့ပါတယ်။
ယနေ့ မနက်က - တော်လှန်ရေးအင်အားစုဖြစ်တဲ့ ဓနုအမျိုးသားကောင်စီကနေ နအဖကို ချေမှုန်းသုတ်သင်ရာမှာ နအဖလက်ပါးစေစစ်တပ်မှ ဗိုလ်မှူးမင်းဇော် (ထောက်ပို့တပ် - တပ်ခွဲမှူး)၊ ဗိုလ်အဆင့် နှစ်ဦး၊ စရဖ သုံးဦးနဲ့  အခြားအောက်ခြေအဆင့်များ ကျဆုံးသွားကြောင်း သိရှိရပါတယ်။ အဆိုပါ နအဖဘက်တော်သားတွေဟာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ကနေ မိုင်းဆတ်ဒေသကို ကာကွယ်ရေးပစ္စည်းတွေ သွားပို့တဲ့မော်တော်ယာဉ်တန်း ဖြစ်ကြောင်း သိရှိရပါတယ်။
နအဖအား တိုက်ခိုက်ချေမှုန်းခဲ့တဲ့ ဓနုအမျိုးသားကောင်စီရဲ့  စီမံမှုနဲ့ အတူ ပါဝင်ခဲ့တဲ့ အင်အားစုတွေကတော့ မြန်မာ့မျိုးချစ်တပ်မတော် (Myanma Patriot Army)၊ ဓနုပြည်သူ့စစ် (Danu Public Army)၊ အခါလွတ်မြောက်ရေးတပ်မတော် (Akha Liberty Army)၊ အခါပြည်သူ့စစ် (Akha Public Army)၊ မိုင်းသာပြည်သူ့စစ် (Maingtha Public Army)၊ လားဟူပြည်သူ့စစ် (Lahu Public Army)၊ ပအိုဝ်းပြည်သူ့စစ် (Pa-oh Public Army)၊ မောရှမ်းပြည်သူ့စစ် (Maw Shan Public Army) နဲ့  ခန္တီးပြည်သူ့စစ် (Khamti Public Army) တို့  ဖြစ်ကြပါတယ်။
အဆိုပါ ပူးပေါင်းအဖွဲ့ဟာ မြန်မာပြည်အတွင်းတွင်လည်း မိဘပြည်သူများဘက်မှ ရပ်တည်ပြီး ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်းနဲ့  မြန်မာပြည်သူလူထုမှလည်း နအဖအာဏာရှင်ကို ယနေ့ ကစပြီး ရသည့်နည်းလမ်းပေါင်းစုံနဲ့  အတူတကွ ဟန်ချက်ညီညီ တော်လှန်ရေး စတင်ဆင်နွဲကြဖို့  တိုက်တွန်းကြောင်း သိရှိရပါတယ်။ ယခုအချိန်ဟာ ပြည်သူများမှ အားလုံးကိုယ်စီ နေရာအနှံ့  ရဲဝန့် စွာ လှုပ်ရှားမှု ပြုကြရန် ပန်ကြားနှိုးဆော်လိုက်ကြောင်း သိရပါတယ်။
ဓနုအမျိုးသားကောင်စီက ယခုလို နအဖလက်ပါးစေတပ်တွေကို ချေမှုန်းသုတ်သင်ရမှုနဲ့  မြန်မာပြည်တွင်းတွင် လှုပ်ရှားမှုများ အကောင်အထည်ဖေါ်ဆောင်ရွက်ရခြင်းမှာ မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့  ခေါင်းဆောင်၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဖြင့် ပြည်သူလူထုကနေ တရားဝင်ရွေးချယ်တင်မြောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အား နအဖမှ မတရားအမှုဆင်ကာ စော်ကားနေမှုအပေါ် ကန့် ကွက်ခြင်းဖြစ်ကြောင်းနဲ့  ဒေါ်အောင်ဆန်းစုကြည်အား ယခုချက်ချင်း မလွှတ်ပေးပါက ပြည်သူလူထုနှင့်အတူ လက်တွဲကာ နအဖအား ပြင်းထန်စွာ ဆက်လက်တိုက်ပွဲ ၀င်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။
ယနေ့  မေလ (၂၇) ရက်နေ့ တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ UNHCR ရုံးရှေ့ ၌ နအဖမှ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေးအတွက် ဆန္ဒပြကြစဉ်။
ဓါတ်ပုံများအား ဆက်လက်ကြည့်ရှူရန်အတွက် - http://picasaweb.google.com/dhongsar2008/MaeSotProtactUNHCROffice#
(ဓါတ်ပုံများနှင့် ဗွီဒီယိုအား ပေးပို့ လာသော ကိုစိုးစိုးအား ကျေးဇူးတင်ရှိပါတယ်)။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (National League for Democracy – NLD) ၏ အောင်ပွဲနေ့  (မေလ ၂၇ ရက်) ။
ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွှတ် - ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွှတ် ။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (National League for Democracy – NLD) ၏ အောင်ပွဲနေ့  (မေလ ၂၇ ရက်) ယနေ့ မှာ ပြည်သူလူထုတစ်ရပ်လုံးက ရွေးချယ်တင်မြောက်ပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အား နအဖမှ အကြွင်းမဲ့ ချက်ချင်း လွှတ်ပေးရန် ကျွန်ုပ်တို့  ပြည်သူများမှ အလေးအနက် တောင်းဆိုလိုက်ပါတယ်။
နအဖအနေဖြင့် မည်သို့ သော အကြောင်းပြချက်နှင့်မှ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချူပ်ဖြင့် ပြန်လည်ထိန်းသိမ်းခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ ဆိုင်းငံ့ထိန်းသိမ်းထားခြင်း၊ အရေးယူအပြစ်ပေးခြင်း၊ လွတ်လပ်စွာ သွားလာခွင့် ပြောဆိုခွင့် နေထိုင်ခွင့်အား ပိတ်ပင်ကန့် သတ်ခြင်း၊ ချုပ်ချယ်တားမြစ်ခြင်းတို့ ကို လုံးဝ မပြုလုပ်ရန်နှင့် ထိုသို့ သော လုပ်ဆောင်မှုမှန်သမျှကို လုံးဝ လက်ခံမည် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ယနေ့  မေလ (၂၇) ရက်နေ့ ၊ ၂၀၀၉ ခုနှစ် တွင် နအဖမှ အကြွင်းမဲ့ ချက်ချင်း လွှတ်ပေးခြင်း တစ်ခုတည်းကိုသာ ပြည်သူတစ်ရပ်လုံးအနေဖြင့် လက်ခံမည် ဖြစ်သည်။
နအဖအနေဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အကြောင်းပြချက် အမျိုးမျိုးဖြင့် အကျယ်ချူပ်ဖြစ်စေ ထောင်သွင်းအကျဉ်းချ၍ ဖြစ်စေ ထိန်းသိမ်းချူပ်နှောင်မှုအား ဆက်လက်ပြုလုပ်ပါက ရဟန်းရှင်လူ ပြည်သူလူထုတစ်ရပ်လုံးမှ တော်လှန်တိုက်ပွဲဝင်မည် ဖြစ်ကြောင်း ပြတ်သားစွာ သတိပေးလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွှတ် - ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွှတ် ။
ဖိုင် ဒေါင်းလုပ် လုပ်ရန် - http://sharebee.com/2e154358
The-Brief-History-Of-National-League-for-Democracy
တကယ်တော့ မြန်မာတွေ ဒုက္ခရောက်နေရတာဟာ ဖောက်ပြန်သူ မြန်မာတွေကြောင့်ပါပဲ။
တို့မြန်မာတွေ ............
အင်္ဂလိပ်နယ်ချဲ့လက်အောက်မှာ မြန်မာပြည်ကြီး ကျရောက်နေစဉ်ခါက သူ့ကျွန်မခံ၊ လွတ်မြောက်ရေးအတွက် အသက်ပေးပြီး တိုက်ပွဲဝင်ကြတယ်။ အငတ်ခံ၊ ဆင်းရဲခံပြီး အင်္ဂလိပ်ကို အာခံကြတယ်။
ဒါပေမဲ့ တစ်ချို့သော တစ်ချို့သော မြန်မာတွေက အခွင့်အရေးနဲ့ အာဏာအတွက် အင်္ဂလိပ်ကို ကူညီလို့ တိုက်ပွဲဝင် မြန်မာတွေကို ဖိနှိပ်ခဲ့တယ်။ ရက်စက်ခဲ့တယ်။
ဖက်ဆစ်ဂျပန်လက်အောက်မှာ မြန်မာပြည်ကြီး ကျရောက်နေစဉ်ခါက သူ့ကျွန်မခံ၊ လွတ်မြောက်ရေးအတွက် အသက်ပေးပြီး တိုက်ပွဲဝင်ကြတယ်။ အငတ်ခံ၊ ဆင်းရဲခံပြီး ဖက်ဆစ်ကို အာခံကြ တယ်။
ဒါပေမဲ့ တစ်ချို့သော တစ်ချို့သော မြန်မာတွေက အခွင့်အရေးနဲ့ အာဏာအတွက် ဖက်ဆစ်ကို ကူညီလို့ တိုက်ပွဲဝင် မြန်မာတွေကို ဖိနှိပ်ခဲ့တယ်။ ရက်စက်ခဲ့တယ်။
ဆိုရှယ်လစ်အမည်ခံအာဏာရှင်လက်အောက်မှာ မြန်မာပြည်ကြီးကျရောက်နေစဉ်ခါက ပြည်သူ တွေရဲ့ လူ့အခွင့်အရေး၊ တရားမျှတမှု၊ တိုးတက်မှုအတွက် အသက်ပေးလို့ ဆိုရှယ်လစ်စနစ်ကို တော်လှန်ခဲ့ကြတယ်။
ဒါပေမဲ့ တစ်ချို့သော တစ်ချို့သော မြန်မာတွေက အခွင့်အရးနဲ့ အာဏာအတွက် မဆလနဲ့ စစ်အစိုးရကို ကူညီလို့ တိုက်ပွဲဝင် မြန်မာတွေကို ဖိနှိပ်ခဲ့တယ်။ ရက်စက်ခဲ့တယ်။
အာဏာရှင်စစ်အစိုးရလက်ထက်မှာလဲ ပြည်သူတွေရဲ့ လူ့အခွင့်အရေး၊ တရားမျှတမှု၊ ဆင်းရဲ မွဲတေခြင်းမှ လွတ်မြောက်ဖို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြကြတယ်။
ဒါပေမဲ့ တစ်ချို့သော တစ်ချို့သော မြန်မာတွေက အခွင့်အရေးနဲ့ အာဏာအတွက် စစ်အစိုးရကို ကူညီလို့ ဆန္ဒပြကြတဲ့ မြန်မာတွေကို ဖိနှိပ်ခဲ့တယ်။ ရက်စက်ခဲ့တယ်။
နောင်တစ်နေ့မှာ ငါ့အဘိုးက နယ်ချဲ့တော်လှန်ရေးသမား၊ ငါ့အဖိုးက ဖက်ဆစ်ဆန့်ကျင်ရေးသမား၊ ငါ့အဖေက ၈၈၈၈မှာ တိုက်ပွဲဝင်ခဲ့သူလို့ မြစ်၊ မြေး၊ သားတွေပြောနေချိန်မှာ သူရဲကောင်းတို့ရဲ့ မျိုးဆက်အဖြစ် ဂုဏ်ဝင့်ချိန်မှာတော့ နယ်ချဲ့ကိုကူညီခဲ့သူ၊ ဖက်ဆစ်ဂျပန်ကို အားပေးခဲ့သူ၊ ရဟန်းရှင်လူ ပြည်သူတွေကို ဖိနှိပ်ခဲ့တဲ့ လုံထိန်းနဲ့ စစ်တပ်ရဲ့ မျိုးဆက်အဖြစ် ဘယ်သူ ဆိုဝံ့ခဲ့သလဲ။
အများရဲ့ ရွံရှာမုန်းတီးမှု၊ ပစ်ပယ်မှုအောက်မှာ ရာဇ၀င်လောက်ကောင်များရဲ့ မျိုးဆက်များအဖြစ် မိသားစု မြစ်၊ မြေး၊ သား၊ သမီးအဖြစ် ဘယ်သူရှင်သန်ဝံ့ခဲ့သလဲ။
စဉ်းစားကြပါအုံး။
အမှန်တရားအတွက် တကယ်ပဲ သင်ရပ်တည်ခဲ့ပါသလား။
(ဆန္ဒပြသူ၊ မေတ္တာပို့သူများအား ရက်စက်စွာဖြိုခွင်းရက်ခဲ့သူများနှင့် မိသားစုဝင်များသို့ .........)
(ရေးသားဖေါ်ပြသူ - သမီးခင်)။
Tuesday, May 26, 2009
ပျားအုံခံစားမှု။
ဟေ့ကောင်
သွေးကြောင်နေတဲ့ ကောင်
ဘေးရှောင်။
အခုအချိန်
လူတိုင်းအင်းစိန်ထောင်ရှေ့ ရောက်နေတာ
ထမင်းမြိန်အောင်လို့ မဟုတ်ဘူး။
လူတိုင်းအင်းစိန်ထောင်ရှေ့ 
သွားဆုံစုရုံးနေတာ
ပျားအုံတစ်ခုထုံး နှလုံးမူလို့ ပါ။
ပျားဆိုတာ
အုံရမယ်
မအုံရင် ပျားမဟုတ်ဘူး။
ပျားဆိုတာ
စုရမယ်
မစုရင် ပျားမဟုတ်ဘူး။
ခုချိန်ဟာ
လူထု ၀တ်ရည်စုချိန်။
ခုချိန်ဟာ
လူထု ပျားအုံဖွဲ့ ချိန်။
ဒီအချိန်မှာ
အင်းစိန်ထောင်ဟာ ငါတို့ အိမ်။
အင်းစိန်ထောင်ထဲမှာ
ငါတို့ အသည်းနှလုံး ပိတ်လှောင်ခံနေရတယ်။
အင်းစိန်ထောင်ထဲမှာ
ငါတို့ အလင်းရောင် ချုပ်နှောင်ခံနေရတယ်။
အင်းစိန်ထောင်ထဲမှာ
ငါတို့ အနာဂတ် မြေမြှုပ်ခံရတော့မယ်။
သေရေး ရှင်ရေး
အရေးကြီးနေတဲ့ အချိန်
ဘတ်စတီးအကျဉ်းထောင်ကို
ပြင်သစ်ပြည်သူတွေဝိုင်းတော့ 
ဒါ ကြီးကျယ်တဲ့ သမိုင်းလို့ ပြောတဲ့
မင်းရို့ ပညာတတ်တွေ
အခု
ငါတို့ မြန်မာပြည်သူတွေ
အင်းစိန်ထောင်ရှေ့ ချီတက်တာကို
ဘာကြောင့် သဘောမတူရဲတာလဲ။
ငါတို့ ဟာ
စိတ်ထဲကသေနတ်တွေနဲ့ 
ရန်သူကို ဆက်ပစ်နေရမယ်။
ငါတို့ အပစ်ရပ်လိုက်ရင်
ရန်သူရဲ့ 
အပြတ်ရစ်ခြင်းကို ခံရမယ်။
ဟေ့ကောင်
သွေးကြောင်နေတဲ့ ကောင်
ဘေးရှောင်
ဟိုမှာ စစ်ခွေးကောင်တွေ ဟောင်နေပြီ။ ။
(အောင်ဝေး - မေ ၂၅ ၊ ၂၀၀၉)။
ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ကားတွေပေါ်မှ ဖြန့် ဝေကြဲချကြပြီ။
ကျနော်တို့  Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) အဖွဲ့ဝင်လူငယ်များသည် နအဖအစိုးရက ဒေါ်အောင်ဆန်းစုကြည်အား မတရားဖမ်းဆီးထောင်ချရန်ကြိုးစားနေခြင်းကို ဆက်လက်ဆန့်ကျင်လျက်ရှိနေပြီး၊ ယနေ့ တွင် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါသည်။ လှုပ်ရှားမှုမှာ ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ဘတ်စ်ကားလိုင်းများပေါ်တွင် လက်ကမ်းစာစောင်များ ဖြန့်ချီဝေငှခဲ့ခြင်း ဖြစ်ပါသည်။ လှုပ်ရှားမှုပြုလုပ်နေသည့် ဓါတ်ပုံအချို့နှင့် ဖြန့်ဝေခဲ့သည့် လက်ကမ်းစာစောင်များ၏ ဓါတ်ပုံများကို အောက်ပါအတိုင်း ကြည့်ရှု့နိုင်ကြောင်း အသိပေးအပ်ပါသည်။
ပြည်သူလူထုတရပ်လုံးနှင့် လူငယ်များအနေဖြင့်လည်း နအဖအစိုးရ၏ မတရားဖိနှိပ်မှုများကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့်အတူ ပူးပေါင်းဆန့်ကျင်၍ အရှိန်မြှင့်လှုပ်ရှားမှုများတွင် ပါဝင်ဆင်နွှဲကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) ။
နအဖအာဏာရှင် လက်ပါးစေ သစ္စာဖောက်တို့  သွားရာလမ်း။
(၂၄/၀၅/၂၀၀၉ ) ရက်နေ့  (၂၂း၀၀) နာရီတွင် သျှမ်းပြည်တပ်မတော် SSA တောင်ပိုင်း တပ်ဖွဲ့တဖွဲ့မှ နအဖစစ် ယာဉ်တန်းအား ခြုံခိုတိုက်ခိုက်ရာ ယာဉ်ပေါ်လိုက်ပါသည့် လူသူလက်နက်များ အားလုံးဆုံးရှုံးသွားကြောင်း သိရှိရပါသည်။
ထိုယာဉ်ပေါ်ပါရှိသူများထဲတွင် သျှမ်းပြည်တပ်မတော် (တောင်ပိုင်း) ခွဲထွက် လက်နက်ချအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးမိုင်းဇင့်နှင့် နအဖ စစ်ထောက်လှမ်းရေး နှစ်ယောက်အပြင် ယာဉ်တန်းတွင်လိုက်ပါသည့် နအဖဘက်တော်သား စစ်သားများ၊ လက်နက်ချအဖွဲ့များ အားလုံး သေဆုံးသွားကြောင်း သတင်းရရှိပါသည်။ ယာဉ်ပေါ်ပါရှိသူ စုစုပေါင်းမှာ (၁၅) ယောက်ဖြစ်ပြီး သျှမ်းပြည်တပ်မတော်ဘက်မှ တစုံတရာ ဆုံးရှုံးမှု မရှိကြောင်း သိရှိရပါသည်။
အဆိုပါ ဗိုလ်မှူးကြီးမိုင်းဇင့်သည် ၂၀၀၆ နှစ်လည်ပိုင်းတွင် သျှမ်းပြည်တပ်မတော်မှ ခွဲထွက်ပြီး လူအင်အားရာကျော်နှင့် နအဖထံ လက်နက်ချသွားသည့် အဖွဲ့ခေါင်းဆောင်ဖြစ်ကြောင်းနှင့် လက်ချပြီးနောက်ပိုင်း နအဖက ဗိုလ်မှူးကြီး မိုင်းဇင့်အဖွဲ့အား ပြည့်သူ့စစ်သဏ္ဍာန်ဖြင့် ထားရှိ၍ လက်နက်ပြန်ကိုင်ခွင့်ပေးပြီး လိုသလို အသုံးချနေသည့်အဖွဲ့ အဖွဲ့ကြောင်း သိရှိရပါသည်။